တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်မှ စစ်ဘေးရှောင်စခန်းများနှင့် ကျေးလက်ဒေသများတွင် ရေခမ်းခြောက်၍ သောက်သုံးရေခက်ခဲနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 9.4k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဧပြီ ၁/၂၀၂၂
ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းများနှင့် ကျေးလက်ဒေသများတွင် ရေခမ်းခြောက်၍ ရေရှားပါးမှုကိုကြုံနေရသည့်အတွက် သောက်သုံးရေ အခက်ခဲဖြစ်နေကြရကြောင်း သိရသည်။
နွေရာသီ၏အပူချိန်ကြောင့် ရခိုင်မှ ကျေးရွာအများအပြားရှိ သောက်သုံးရေကန်များတွင် ရေခမ်းခြောက်မူများရှိလာနေသလို အဆိုပါကန်များအတွင်း အနည်းငယ်ကျန်ရှိနေသေးသည့်ရေများတွင်လည်း ရွှံ့အနည်အနှစ်များပါနေသည့်အတွက် သောက်သုံးရေအခက်အခဲဖြစ်နေရကြောင်း ဒေသခံများက ပြောသည်။
ရေရှားပါးမှုကြောင့် စစ်ဘေးရှောင်များအနေဖြင့်လည်း များစွာအခက်အခဲဖြစ်နေရကြောင်း ကျောက်တော်မြို့နယ် တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှ ဒေါ်မအေးခိုင်က နိရဥ္စရာကို ပြောသည်။
"စခန်းထဲမှာလည်း ရေတအားရှားတယ်။ ရေလည်း မချိုးရတော့ဘူး။ ရေချိုးရင်လည်း ရေက တအားနံတယ်။ ဒါပေမယ့်လည်း ဒါပဲသုံး။ ဒါပဲသောက်နေရတာပဲ။ အဝေးမသွားဖြစ်တော့ဘူး"ဟု ပြောသည်။
ယခုကဲ့သို့ မသန့်ရှင်းသော ရေများကို သုံးစွဲနေရခြင်းကြောင့် ဝမ်းရောဂါနှင့် အရေပြားရောဂါစသည့် ရေမသန့်ရှင်းမှုကြောင့်ဖြစ်တတ်သော ကျန်းမာရေးထိခိုက်မှုများရှိလာမည်ကိုလည်း စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာမှ လူငယ်အား/ကာ ပရဟိတအသင်းဥက္ကဋ္ဌ ကိုအောင်ကျော်စိုးက "ရွာထဲမှာရှိတဲ့ ရေကန်သုံးကန်လုံးက အကုန်ခမ်းသွားပြီ။ လောလောဆယ် ရွာဟောင်းအထိသွားပြီးခပ်ရတယ်။ ကျွန်တော်တို့ဒေသမှာ ရေရှားပါးမှု ပြဿနာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ ကျေးရွာလူကြီးတွေနဲ့ တခြားသော ပရဟိတအဖွဲ့အစည်းတွေနဲ့ အဖြေရှာကြရင်တော့ ရေရှားပါးမှုပြဿနာ အဆင်ပြေမယ်လို့ ထင်တယ်ဗျ"ဟု ပြောသည်။
ရခိုင်ဒေသသည် မိုးများသည့်ဒေသတစ်ခုဖြစ်သော်လည်း နွေရာသီရောက်တိုင်း သောက်သုံးရေကန်များတွင် ရေများ ခမ်းခြောက်၍ ရေရှားပါးမှုဒဏ်ကို နှစ်စဉ်ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။
မိမိတို့ကျေးရွာရှိရေကန်များတွင် ရေခမ်းခြောက်သွားလျှင် အခြားနေရာများသို့ ရေသွားခပ်ရသည့်အတွက် အချိန်ကုန်လူပန်းကာ လူမှုစီးပွားဘဝ၌ ထိခိုက်မှုများရှိနေကြသည်ဟုလည်း ဆိုကြသည်။

ဆက်စပ် သတင်းများ