တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

တိုင်းရင်းသားဒေသများတွင် ခရီးသွားလုပ်ငန်းတွင်ကျယ်စေရန်ရည်ရွယ်၍ စစ်တွေ၌ ပြိုင်ပွဲတစ်ခုလုပ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.4k

နွေဦးမေ
နိရဥ္စရာ၊ ဧပြီ ၇ / ၂၀၂၂
မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသများတွင် ခရီးသွားလုပ်ငန်းတွင်ကျယ်စေရန်ရည်ရွယ်၍ ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြိုင်ပွဲတစ်ခုပြုလုပ်သွားမည်ဟု သိရသည်။
Mister and Miss Team Ethnic Tourism 2022 ဟု အမည်ပေးထားသည့်အဆိုပြိုင်ပွဲကို စစ်တွေရှိ AKYAB STARS Arts and Talents Centre က ဦးဆောင်ကာ စစ်တွေမြို့၊ မင်းဘာကြီးလမ်းရှိ New world ခန်းမတွင် မေလ ၁ ရက်နေ့မှ ၁၃ ရက်အထိ ပြုလုပ်သွားမည်ဟု သိရသည်။
ယင်းပြိုင်ပွဲတွင် အသက် ၁ဝ နှစ်မှ ၁၇ နှစ်အတွင်းဆယ်ကျော်သက်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ကလေးများ၏အလှပရေးရာတစ်ခုတည်းကိုဦးစားမပေးဘဲ ကလေးများ၏စွမ်းရည်နှင့် အရည်အသွေးများကိုချပြမည့်ပွဲတစ်ခုဖြစ်သည်ဟု AKYAB STARS တည်ထောင်သူ ကိုစံသာက နိရဥ္စရာကို ပြောသည်။
"အခုက စစ်တွေမြို့အတိုင်းတာနဲ့ပဲလုပ်ဖြစ်သေးတာပါ။ နောက်ဆို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဖြစ်အောင်အထိ ရည်ရွယ်ထားပါတယ်။ အလှပရေးရာတစ်ခုတည်းမဟုတ်ဘဲ ကလေးတွေရဲ့ စွမ်းရည်တွေကို ချပြသွားမယ့်ပွဲပါ" ဟု ပြောသည်။
အဆိုပါပွဲတွင် Winner ဆုကို ဆုကြေးငွေကျပ် ၇ သိန်းချီးမြှင့်သွားမည်ဖြစ်ပြီး အသက် ၁၀ နှစ်နှင့် ၁၃ နှစ် ကြားအတွက် Winner ဆုအတွက်လည်း ဆုကြေးငွေကျပ် ၃ သိန်းချီးမြှင့်သွားမည်ဟု သိရသည်။
ပြိုင်ပွဲဝင်ရန်လာရောက်လျှောက်ထားသူများအနက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူ ၁၅ ဦးမှ ၂ဝ ကြား လက်ခံသွားမည်ဟုလည်း ကိုစံသာက ပြောသည်။
ယှဉ်ပြိုင်လိုသည့်ဆယ်ကျော်သက်များအနေဖြင့် စစ်တွေမြို့၊ လမ်းမတော်မြောက်ရပ်ကွက်ရှိ AKYAB STARS Arts and Talents Centre (သို့မဟုတ်)၊ ဖုန်း - 09 250 262 577 နှင့် Eamil - [email protected] တို့ထံ မိဘအုပ်ထိန်းသူနှင့်အတူ ဧပြီလ ၉ ရက်အထိ ဆက်သွယ်လျှောက်ထားနိုင်သည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ