တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းကိုနေရာသစ်သို့ပြောင်းရွှေ့လိုက်၍ စခန်းနေကျောင်းသားများ ပညာသင်ရန်ခက်ခဲနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 2.6k

နိရဉ္စရာ၊ ဇွန် ၉/၂၀၂၂
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ စစ်ဘေးရှောင်စခန်းကို နေရာသစ်သို့ပြောင်းရွှေ့ထားသည့်အတွက် စခန်းနေကျောင်းသား၊ ကျောင်းသူများသည် ပညာသင်ကြားရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။
အဆိုပါကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းကို လက်ရှိတွင် မြို့နှင့် ၁ မိုင်ခန့်ဝေးသည့်နေရာသို့ ပြောင်းရွှေ့ထားရသည့်အတွက် စစ်ဘေးရှောင်စခန်းမှ ကျောင်းသား၊ ကျောင်းသူများသည် မြို့ထဲရှိ အခြေခံပညာစာသင်ကျောင်းများသို့ ကျောင်းသွားတက်ရန်အခက်အခဲရှိနေသည်ဟု သိရသည်။
လက်ရှိတွင် အလယ်တန်းကျောင်းသား၊ ကျောင်းသူများသာ မြို့ထဲသို့သွားရောက် ကျောင်းတက်နိုင်ပြီး မူလတန်းကလေးငယ်များအတွက် စခန်းထဲတွင် ကျောင်းဆောင် တစ်ဆောင်ဆောက်လုပ်ရန် စီစဉ်နေရကြောင်း စခန်းတာဝန်ခံဦးဝင်းလှအောင်က နိရ ဉ္စရာသို့ပြောသည်။
"ပညာရေးကဏ္ဍအတွက် အခက်အခဲရှိနေတယ်။ KG တန်းလေးတွေအတွက် ကျောင်းတစ်ဆောင်ဆောက်ဖို့ လုပ်နေတယ်။ မြို့နဲ့လည်းအလှမ်းဝေးပြီး လမ်းလျှောက်သွားမယ်ဆိုရင် နာရီဝက်ကျော်ကျော်လောက်သွားရတယ်ဆိုတော့ ကလေးတွေကျောင်းသွားဖို့ အခက်အခဲဖြစ်နေတယ်" ဟုပြောသည်။
ထို့အပြင် ယခင်ကဲ့သို့ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများ၊ ကျောင်းသုံးပစ္စည်းနှင့် သင်ထောက်ကူပစ္စည်းတို့ လာရောက်ထောက်ပံ့မှုနည်းပါးသဖြင့် အခက်အခဲဖြစ်နေကြောင်း သူက ဆက်ပြောသည်။
အဆိုပါကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင် ကျောင်းနေအရွယ် မူလတန်းကလေးငယ် ၅၀ ကျော်နှင့် အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၂၀ ကျော်ခန့်ရှိကြောင်း သိရသည်။
အဆိုပါစစ်ဘေးရှောင်စခန်းသည် ယခင်က ကမ်းထောင်းကြီးမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ မြို့သူမြို့သားများ၏ ဘောလုံးကွင်းနေရာတွင်ရှိခဲ့သော်လည်း အားကစားပြုလုပ်မည်ဟုဆိုကာ စခန်းကိုဖယ်ရှားခိုင်းသဖြင့် ရွာသစ်ရပ်ကွက်ရှိ ၂ ဧကကျယ်ဝန်းသည့် လယ်ဧကသို့ ပြီးခဲ့သည့် မေလပထမပတ်က ပြောင်းရွှေ့လာရခြင်းဖြစ်သည်။
ယခုနေရာသစ်ကို မြေပိုင်ရှင်ထံမှ တစ်နှစ်လျှင် ငွေကျပ် ၁ဝ သိန်းဖြင့် စခန်းအတွင်းမှကောက်ခံရရှိသည့်အလှူငွေများဖြင့် ငှားရမ်းထားရကြောင်း သိရသည်။
လက်ရှိ အဆိုပါစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၂၀၀ ရှိကာ လူဦးရေ ၅၆၈ ဦးရှိကြောင်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ