တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ဖမ်ဆီးခံထားရသည့် ပုဏ္ဏားကျွန်းဒေသခံ၈ဦးကို စစ်တပ်က ၁၈ရက်ကြာသည့်တိုင် ရဲစခန်းသို့မလွဲပြောင်းဘဲ အမှုသာလာဖွင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 2.4k

နိရဥ္စရာ၊ဇူလိုင်၄၊ ၂၀၂၂

စစ်ကောင်စီတပ်၏ ဖမ်ဆီးခြင်းကို ခံထားရသည့် ပုဏ္ဏားကျွန်းဒေသခံ ၈ဦးကို စစ်ကောင်စီတပ်က ၁၈ရက်ကြာသည့်တိုင် ရဲလက်သို့လွဲပြောင်းခြင်းမရှိ၊ ဖမ်းဆီးထားသူများကို ရဲစခန်းသို့ ယူဆောင်လာခြင်းလည်း မရှိဘဲ အမှုဖွင့်တရားစွဲဆိုလိုက်သည်ဟု သတင်းရရှိသည်။

အမှုဖွင့်တရားစွဲဆိုခံလိုက်ရသူ ၈ဦးမှာ မြို့သစ်ရပ်ကွက်မှ ဦးကျော်မင်း(၆၁)နှစ်၊ စံပြရပ်ကွက်မှ ဦးဝင်းမောင်သန်း(၄၀) နှစ်၊ ရွာသာယာမှ ဦးထွန်းလှိုင်(ခ)ပရဟိတ(၅၅)နှစ်၊ စံပြရပ်ကွက်မှ  ကိုမျိုးသွင်(၂၈)နှစ်၊ စံပြရပ်ကွက်မှ ကိုမြတ်သူရထွန်း(၂၉)နှစ်၊ ဦးဘလှိုင်(၄၀)နှစ်၊ပေါက်တောပြင်ကျေးရွာမှ မောင်နိုင်မျိုးထွန်း(၁၈)နှစ်နှင့် မောင်မင်းအောင်ခိုင်(၁၇)နှစ် တို့ဖြစ်ကြသည်။

အဆိုပါ ၈ဦးကို ပုဏ္ဏားကျွန်းမြို့ရဲစခန်းသို့  လွှဲပြောင်းခြင်းမရှိဘဲ စစ်တပ်က ဆက်လက်ထိန်းသိမ်း ချုပ်နှောင်ထားကာ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀တပ်ရင်းမှ တပ်ရေးဗိုလ်ကြီး ကြည်လှိုင်က ရားလိုလုပ်ကာ အမှုဖွင့်ထားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့်စစ်ကောင်စီနှင့် ရင်းနှီးသူ တစ်ဦးကပြော သည်။

အမှုကတော့ ပုဒ်မ ၅၀၅(က)၊ ဝတ္တရားနှောင့်ယှက်မှုအပါအဝင် သုံးခုနဲ့အမှုဖွင့် တရားစွဲထားတယ်လို့ သိရတယ်။ ဒါပေမဲ့ ဒေသခံရှစ်ယောက်ကိုတော့ ရဲကို မလွှဲပြောင်းဘဲ စစ်တွေစရဖစခန်းမှာဘဲထားသေးတယ်။ ရဲစခန်းကို မရောက်သေးဘူး ဒီနေ့ထိဟုဆိုသည်။

ပြီးခဲ့သည့် ဇွန်လ၁၆ရက်နေ့တွင် စစ်ကောင်စီကဖမ်းဆီးသွားခဲ့သည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းဒေသခံ ၈ဦးကို ရဲစခန်းသို့မလွဲပြောင်းသေးဘဲ စစ်ကောင်စီဗိုလ်ကြီးတစ်ဦးက အမှုဖွင့်တရားစွဲဆိုထားသည်ဟု သတင်းရရှိသည်။

၎င်းတို့ ၈ဦးကို ဖမ်းဆီးသွားခဲ့သည့် ဇွန်လ ၁၆ရက်နေ့မှစ၍ ယနေ့ဇူလိုင်လ ၄ရက်နေ့အထိ အဆက်အသွယ်မရရှိဘဲ ဖြစ်နေသည့်အတွက် စစ်ကြောရေး၌တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်နေကြရသည်ဟု ဖမ်းဆီးခံဦးဘလှိုင်၏ဇနီးဖြစ် သူ မအေးအေးခိုင်ကပြောသည်။

   ကျွန်မက သူနဲ့အဆက်အသွယ်ရရင်ကျေနပ်ပါတယ်။ အခုတော့ သူဘယ်မှာရှိနေမှန်းတောင် မသိဘူး။ အရမ်းစိတ်ပူနေရပါတယ်။ ကျွန်မဆိုရင်လည်း အိမ်မှာမနေရဲလို့ ရှောင်နေရတယ်။ပြီးတော့ ကျွန်မ အမျိုးသားမှာက ဘာအပြစ်မှလည်း မရှိဘူး။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်ဟုဆိုသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီကုန်းကျေးရွာမှ ကိုမောင်မောင်လင်းမှာလည်း ဇွန်လ ၂၃ရက်နေ့တွင် စစ်တွေမြို့ ကုန်တန်းရပ်ကွက်တွင် ရှိနေစဥ် စစ်ကောင်စီ၏ဖမ်းဆီးခြင်းကို ခံလိုက်ရပြီးနောက် ယနေ့အချိန်ထိ မိသားစုနှင့် အဆက်အသွယ်လုံးဝမရရှိဟု မိခင်ဖြစ်သူကနိရဥ္စရာကို ပြောဆိုခဲ့သည်။

အရပ်သားများကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် စစ်တွေ စရဖစစ်ကြောရေးသို့ ပို့ဆောင်ကာ နည်းမျိုးစုံဖြင့် ညှဉ်းပမ်းနှိပ်စက် စစ်ဆေးမှုများရှိနေကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ထုတ်ဖော်ပြောဆိုထားသည်။

ဆက်စပ် သတင်းများ