တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်မှ လူမှုရေးသမားကိုဇော်ဝင်းပါ ၃ ဦးကို စစ်တပ်က ရဲလက်သို့ လွှဲပြောင်းလိုက်၍ မိသားစုနှင့် တွေ့ခွင့်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 7.5k

နိရဥ္စရာ၊ ဇူလိုင် ၅/၂၀၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့အခြေစိုက် အမှတ်(၉)စကခအချုပ်တွင် ဖမ်းဆီးချုပ်နှောင်စစ်ဆေးခံခဲ့ရသည့် ကျောက်တော်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းပါ ၃ ဦးကို ရဲလက်သို့လွှဲပြောင်းအပ်နှံလိုက်ပြီးနောက် ယနေ့တွင် မိသားစုနှင့် တွေ့ခွင့်ရသွားပြီဟု သိရသည်။
ကိုဇော်ဝင်းပါ ၃ ဦးကို ယနေ့ ဇူလိုင်လ ၅ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် ကျောက်တော်မြို့မရဲစခန်း၌ တွေ့ဆုံခွင့်ရရှိခဲ့ပြီး စကားလည်း ပြောခွင့်ရခဲ့သည်ဟု ကိုဇော်ဝင်း၏အမျိုးသမီး ဒေါ်ခင်လှစံက နိရဥ္စရာကိုပြောသည်။
“ကျမအမျိုးသား ကျောက်တော်ရဲစခန်းကိုရောက်နေပါပြီ။ ကျန်းကျန်းမာမာနဲ့တွေ့ခဲ့ရလို့ ပျော်နေကြတာပါ။ ကျန်းကျန်းမာမာ မြင်ခဲ့ရတယ်။ စကားလည်း ပြောခဲ့ရတယ်။ သူက အဲဒီမှာ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားတယ်လို့ ပြောပါတယ်။ အားလုံး ၃ ယောက်လုံးကိုလေ။ သူတို့ ၃ ယောက်စလုံး ပါပါတယ်။ ၃ ယောက်လုံးနဲ့ တွေ့ခဲ့ရပါတယ်”ဟု ပြောသည်။
သူတို့ ၃ ဦးသည် ဖမ်းဆီးခံရပြီးနောက် ၁၅ ရက်အကြာမှ မိသားစုနှင့် တွေ့ဆုံခွင့်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
သူတို့သည် ရဲစခန်းတွင် ကျန်းကျန်းမာမာရှိပြီး မည်သည့်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဆိုသည်ကို မသိရသေးဟုလည်း ဒေါ်ခင်လှစံက ပြောသည်။
သူတို့ ၃ ဦးမှာ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း (၄၃ နှစ်)၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ တုတ်တုတ် (အိန္ဒိယသုံးဘီး) မောင်းသူ ဦးကျော်သန်းမောင် (၅၁ နှစ်)နှင့် ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက် (၂၈ နှစ်)တို့ ဖြစ်ကြသည်။
သူတို့ ၃ ဦးအနက် ကိုဇော်ဝင်းသည် နိုင်ငံတော်ဆူပူလှုံ့ဆော်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅(က)ဖြင့်လည်းကောင်း၊ ဦးကျော်သန်းမောင်နှင့် ကိုဇော်မိုးထက်တို့သည် နိုင်ငံတော် အကြည်အညို ပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့်လည်းကောင်း ကျောက်တော်မြို့မရဲစခန်း၌ အမှုဖွင့်ခံထားရသည်ဟု သိရသည်။
အမှုဖွင့်စဉ်က ရဲစခန်းသို့လွှဲပြောင်းမပေးခဲ့ဘဲ ကျောက်တော်အခြေစိုက် အမှတ်(၉)စစ်ဆင်ရေး ကွပ်ကွဲမှု ဌာနချုပ်၏အချုပ်တွင် ထိန်းသိမ်းထားခဲ့သည်ဟု သိရသည်။
ကျောက်တော်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဇွန်လ ၂ဝ ရက်တွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီးနောက် နောက်တစ်နေ့ ဇွန်လ ၂၁ ရက်တွင် ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု မြို့ခံများက ပြောသည်။
ယင်းအနက် ကိုဇော်ဝင်းကို ဇွန်လ ၂၁ ရက်နံနက်တွင် ကျောက်တော်မြို့ရှိ သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဦးကျော်သန်းမောင်နှင့် ကိုဇော်မိုးထက်တို့ကို ကျောက်တော်မြို့ အဝင် စိုက်ပျိုးရေးသိပ္ပံလမ်းဆုံ၌ဖမ်းဆီးသွားခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ