တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းအခြေစိုက်ခမရ (၅၅၀) တပ်ရင်းတွင် ဒုရင်းမှူးကတော်က ရဲမေဝတ်ရွတ်အသင်းကို ဝါဆိုလပြည့်နေ့ကဆဲဆို၍ မကျေနပ်မှုတိုးပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 7.2k

နိရဉ္စရာ၊ ဇူလိုင် ၁၄/ ၂၀၂၂

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀) တပ်ရင်းမှ ရဲမေများ ဓမ္မစကြာဝတ် ရွတ်ဖတ်နေချိန်တွင် ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးဌေးဇနီးဖြစ်သူ ဒေါ်စမ်းသီတာမြင့်က ထဘီခါးစောင်းတိုက်ကာ ဆဲဆိုကြိမ်းမောင်းပြုလုပ်သဖြင့် ရဲမေများအကြား မကျေနပ်မှု တိုးပွားနေသည်ဟု တပ်တွင်း သတင်းရင်းမြစ်များအရ သိရသည်။

အမည်မဖော်လိုသူ ရဲမေတစ်ဦးက ဒီလို အောက်ခြေက ရဲမေတွေကို အရင်ကလည်း မကြာမကြာဆဲဆိုပါတယ်။ ဝါဆိုလပြည့် နေ့လယ်ပိုင်း ၂ နာရီမှာ ကျွန်မတို့ ဝတ်အဖွဲ့တွေ ဓမ္မာရုံမှာ ဓမ္မစကြာဝတ်ကို ရွတ်နေစဉ်မှာ ထဘီခါးစောင်းတိုက်ပြီး မဆီမဆိုင် ဆဲဆိုသွားပါတယ်။ ဘာမှ ပြဿနာမရှိဘဲ ရိုက်မယ်၊ သတ်မယ်ဆိုပြီးတော့လည်း ခြိမ်းခြောက်သွားပါတယ်။ ကျွန်မတို့ ဒီလိုနိုင်ထက်စီးနင်း လုပ်ခံနေရတာကို အထက်ကလူကြီးတွေ သိစေချင်ပါတယ်ဟု ပြောသည်။

၎င်းပြင် ဒုရင်းမှူးကတော် အပါအဝင် တပ်ရင်းမှူးကတော်တို့သည် တပ်ထဲတွင် အထည်များကို ရောင်းချပြီး ရောင်းချစဉ်က စျေးနူန်းတစ်မျိုး၊ ပိုက်ဆံလာတောင်းသောအခါ စျေးနှုန်းတင် တောင်းတာမျိုးပြုလုပ်ပြီး အောက်ခြေတပ်သားဇနီးမယားများကို အနိုင်ကျင့်နေသည်ဟုလည်း ပြောဆိုသည်။

ခမရ (၅၅၀) မှ တပ်ရင်းမှူး ကျော်လင်းမောင်ဇနီး ဒေါ်သူဇာလှိုင် (၃၈) နှစ်နှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးဌေးဇနီး ဒေါ်စမ်းသီတာမြင့် (၂၉) နှစ်တို့သည် ၂၀၂၂ မတ်လအတွင်းက ခမရ (၅၅၀) သို့  ရှေ့ဆင့် နောက်ဆင့် ရောက်ရှိလာပြီးနောက် အောက်ခြေရဲဘော်ဇနီးသားသမီးများ အပေါ် အနိုင်ကျင့်နေသည်ဟု ဆိုသည်။

ပီးရင် သူတို့လေ။ တပ်ရင်းမှူးကတော်လည်း တပ်ရင်း သက်သာဆိုင်ကိုလည်း သူတို့ပိုင်လို မောင်ပိုင်စီးထားပြီး ကိုယ်ပိုင်ဆိုင်လို စျေးတင်ရောင်းတယ်။ ဘယ်သူမှ မပြောဝံ့တော့ ပိုပြီး လုပ်လာတယ်လေ။ တပ်ရင်းမှူးကတော်က ဝါဆိုလပြည့်နေ့က ဆဲတဲ့ အထဲမှာတော့ မပါဘူး။ ဒါပေမယ့် အပြင်မှာတော့ သူလည်း ရဲမေတွေကို ဆဲဆိုကြိမ်းမောင်းတာတွေရှိပါတယ်။ နေပြည်တော်က လူကြီးတွေကို သိစေချင်ပါတယ်ဟု ပြောဆိုသည်။

ခမ၇( ၅၅၀) တပ်ရင်းတွင် တပ်ရင်းဗိုလ်ကြီးနှင့် နောက်ထပ် ဗိုလ်မှူးကတော်များရှိသော်လည်း သူတို့လို အောက်ခြေရဲမေများကို အနိုင်ကျင့်ခြင်း မရှိကြောင်း ပြောကြားသည်။

ဆက်စပ် သတင်းများ