တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ဘူးသီးတောင်ရှိ လူဦးရေ ၂ သိန်းကျော်အတွက် သောက်သုံးရေဖူလုံစွာရရှိရေးအချက်အပါအဝင် အချက် ၄ ချက်ကိုဆောင်ရွက်ပေးရန် ဝန်ကြီးချုပ်ထံ တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 5.3k

နိရဥ္စရာ၊ ဇူလိုင် ၁၄/၂၀၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ရပ်ကွက် (၇)ခုမှ လူဦးရေ ၂ သိန်းကျော်အတွက် သောက်သုံးရေဖူလုံစွာရရှိရေးအချက်အပါအဝင် အချက် ၄ ချက်ကိုဆောင်ရွက်ပေးရန် မြို့ခံများက ဝန်ကြီးချုပ်ထံတောင်းဆိုလိုက်ကြသည်ဟု သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၃ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် ဘူးသီးတောင်မြို့ရှိ ဦးဥတ္တမခန်းမ၌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်းနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံများတွေ့ဆုံပွဲတွင် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
တောင်းဆိုခဲ့သည့်အချက်များမှာ ဘူးသီးတောင်မြို့တွင် သောက်သုံးရေဖူလုံစွာရရှိရေးဆောင်ရွက်ပေးရန်၊ ဖူဆယ်အားကစားကွင်းတစ်ခုလုပ်ပေးရန်၊ အမှတ်(၁)ရပ်ကွက်တွင် ကွန်ကရစ်လမ်းလုပ်ပေးရန်နှင့် ပန်းဇင်းချောင်းတံတားပျက်စီးနေညသ်ကိုပြန်လည်ပြုပြင်ပေးရန် စသည့်အချက်များဖြစ်သည်ဟု အခမ်းအနားတက်ရောက်ခဲ့သည့် မြို့မိမြို့ဖ ဦးညီညီက နိရဥ္စရာကိုပြောသည်။
"ဂန္ဓာမာဆည်ကနေပြီးတော့ ၂ မိုင်လောက်ရှိတဲ့ မြို့ထဲကို သွယ်ပြီးတော့ ရပ်ကွက် ၇ ခုအတွက် သောက်သုံးရေ အဓိက သုံးရေဖူလုံဖို့အတွက် တောင်းဆိုခဲ့တယ်။ ပြီးတော့ ဖူဆယ်အားကစားကွင်းတစ်ခုလုပ်ပေးဖို့တောင်းဆိုခဲ့တယ်။ နေရာလည်းရှိပြီးသား။ ကန်ပျက်တစ်ခုကိုမြေဖို့ပြီးလုပ်ပေးဖို့ရယ်။ အမှတ်(၁)ရပ်ကွက်က ကွန်ကရစ်လမ်းတစ်ခုရယ်။ ပန်းဇင်းချောင်းတံတားပျက်စီးနေတာကို လုပ်ပေးဖို့တောင်းဆိုခဲ့ကြတယ်" ဟု ပြောသည်။
မြို့ခံများ၏ယခုတောင်းဆိုချက်များကို အတတ်နိုင်ဆုံးလုပ်ပေးသွားမည်ဟု ဝန်ကြီးချုပ်က ကတိပြုပြောဆိုသွားကြောင်း ဦးညီညီက ဆက်ပြောသည်။
"သူတို့ကတော့ ဒီတောင်းဆိုထားတာတွေကို နောက်လာမယ့်နှစ် ဘတ်ဂျက်တွေမှာ ထည့်ပေးမယ်လို့ပြောပါတယ်"ဟု ပြောသည်။
တောင်းဆိုချက်များကို အကောင်အထည်ဖော် လုပ်ပေး/မပေးကို စောင့်ကြည့်ရမည်ဟုလည်း ဘူးသီးတောင်မြို့ခံများက ပြောသည်။
ဘူးသီးတောင်တွင် နွေရာသီ၌ ရေအလွန်ရှားတတ်ပြီး အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက်ဆိုလျှင် မိုးရာသီနှင့် နွေရာသီပါ ရေပြတ်လပ်တတ်သည့်အတွက် ရေကန်များရှိသည့် (၅)ရပ်ကွက်သို့ သုံးဘီးများဖြင့် အဆင်မပြေသလို သွားရောက်ခပ်ယူနေကြရသည်ဟု မြို့ခံများက ပြောသည်။
(၅)ရပ်ကွက်တွင်နေထိုင်သူ ကိုအောင်မင်းသူက “အခု လမ်းမကယ်ဆယ်ရေးစခန်းရှိတဲ့ (၂)ရပ်ကွက်ဆိုရင် နွေရာသီမှာရေရှားတဲ့အတွက် ကျနော်တို့အိမ်ထိတောင် ဗူးတွေနဲ့လာခပ်ရတယ်”ဟု နိရဥ္စရာကိုပြောသည်။
ယမန်နေ့က တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်းအပါအဝင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ခဲ့သည်ဟုလည်း သိရသည်။ (NN-12)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ