တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

စစ်တွေမှ ကမ်းထောင်းကြီးမြို့သို့ ဆန်နှင့်အိမ်ဆောက်ပစ္စည်းသယ်ယူခွင့် နယ်လုံဝန်ကြီးခွင့်ပြုချက်မှသယ်ယူရ၍ အချိန်ကြန့်ကြာကာ ကုန်စျေးနှုန်းမြင့်တက်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6.3k

နိရ ဉ္စရာ၊ ဇူလိုင် ၁၅/၂၀၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့မှ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့သို့ ပြေးဆွဲနေသည့် စက်လှေများတွင် ဆန်နှင့်အိမ်ဆောက်ပစ္စည်းအချို့ကို နယ်လုံဝန်ကြီး၏ခွင့်ပြုချက်ရမှ သယ်ယူခွင့်ရသဖြင့် ကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်ကြန့်ကြာမှုများဖြစ်ကာ ကုန်စျေးနှုန်းများလည်း မြင့်တက်နေသည်ဟု သိရသည်။
အဆိုပါနယ်လုံဝန်ကြီး၏ခွင့်ပြုချက်တောင်းခံရာတွင် စစ်တွေမှဆန်ဝယ်ယူခဲ့သည့်ဆိုင်၏လိုင်စင်၊ သယ်ယူမည့်စက်လှေ၏လိုင်စင်နှင့် ကမ်းထောင်းကြီးတွင် ရောင်းချမည့်ဆိုင်၏လိုင်စင်ပါရှိရန် လိုအပ်ပြီး ထိုသို့ခွင့်ပြုချက်ရရန် နှစ်ရက်မှသုံးရက်ခန့်အထိစောင့်ဆိုင်းရကြောင်း စက်လှေပိုင်ရှင်များက ပြောသည်။
ထိုသို့စောင့်ဆိုင်းရသဖြင့် ၎င်းတို့၏စက်လှေထွက်မည့်ရက်တွင် နယ်လုံခွင့်ပြုချက်မရပါက အဆိုပါကုန်ပစ္စည်းများကို သယ်ယူခွင့်မရခဲ့သဖြင့် စစ်တွေတွင်သာထားရှိခဲ့ရပြီး ကုန်ပစ္စည်းသယ်ယူရာတွင် အခက်အခဲကြန့်ကြာမှုများရှိသည်ဟု ကမ်းထောင်းကြီးစက်လှေပိုင်ရှင်တစ်ဦးက နိရ ဉ္စရာသို့ပြောသည်။
"သူတို့ကတော့ သယ်ယူဖို့ လိုင်စင်လုပ်ရမယ်ပြောတယ်။ ဒီလိုမျိုးယူနေရတော့ ကျနော်တို့မှာအခက်အခဲတွေရှိတယ်။ အဓိကက ကျနော်တို့မှာစက်လှေက တစ်ပတ်မှာတစ်ရက်ပဲထွက်ရတာလေ။ အဲလိုဆိုတော့ စစ်တွေမှာတစ်ရက်ပဲအိပ်ရတာ။ ဆိုတော့ အဲဒီတစ်ရက်တည်းမှာပဲ ကျနော်တို့က နယ်လုံဝန်ကြီးဆီက မျှောတင်တာမရလိုက်ရင် ကျနော်တို့မှာလည်း ခရီးသည်နဲ့ ထွက်ရတော့မယ်ဆိုတော့ အဲဒီကုန်တွေကိုထားခဲ့လိုက်ရတယ်" ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့မှစတင်ကာ ဆန်၊ သံထည်ပစ္စည်းများ၊ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းအချို့တို့ကို ယခုကဲ့သို့ကန့်သတ်ထားခဲ့ခြင်းဖြစ်သည်ဟု ကမ်းထောင်းကြီး-စစ်တွေ ပြေးဆွဲနေသည့် စက်လှေပိုင်ရှင်များက နိရ ဉ္စရာသို့ပြောသည်။
စစ်တွေမြို့မှကမ်းထောင်းကြီးမြို့သို့ ပြေးဆွဲရာတွင် စက်လှေလေးစီးရှိပြီး အဆိုပါလေးစီးသည် တစ်ပတ်တွင်တစ်ရက်စီနှင့် သောကြာ၊ စနေ၊ တနင်္လာနှင့် ဗုဒ္ဓဟူးနေ့တွင် ပြေးဆွဲကြောင်း သိရသည်။
နောက်ထပ်ကမ်းထောင်းကြီးစက်လှေပိုင်ရှင်တစ်ဦးက "ကျနော်တို့က အဲဒီခွင့်ပြုချက်ရအောင် ကြိုတင်ပြီးတော့ တင်ထားရတယ်။ အကြောင်းအမျိုးမျိူးကြောင့် ကျနော်တို့စက်လှေထွက်ရမယ့်နေ့မှာ နယ်လုံဆီကမရလိုက်ရင် ကျနော်တို့ကနောက်နေ့မှာ ဆွဲလို့မရတော့ဘူး။ နောက်ထပ်စက်လှေတစ်စီးကရောက်နေပြီဆိုတော့ စက်လှေမှာ ကုန်မပါဘဲနဲ့ အလွတ်ပြန်သွားရတဲ့နေ့တွေလည်းရှိတယ်" ဟုပြောသည်။
ယခုကဲ့သို့ ကန့်သတ်မှုများနှင့်တင်သွင်းနေရသဖြင့် ကမ်းထောင်းကြီးမြို့တွင်လည်း ကုန်စျေးနှုန်းများမြင့်တက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
မည်သည့်အကြောင်းအရင်းကြောင့် ယခုကဲ့သို့ ကန့်သတ်လိုက်သည်ကို ရေရေရာရာမသိကြောင်း စက်လှေပိုင်ရှင်များက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို နိရ ဉ္စရာက ဖုန်းနှင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။ (NN-8)

ဆက်စပ် သတင်းများ