တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ကျောက်ဖြူမှ ဖမ်းဆီးခံလူငယ် ၂ ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် စွဲချက်တင်ကာ ပထမဆုံးအကြိမ် ရုံးထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.1k

နိရဥ္စရာ၊ ဇူလိုင် ၁၆/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာမှ ဖမ်းဆီးခံလူငယ် ၂ ဦးကို ပုဒ်မ ၅၀၅(က)ဖြင့်အမှုဖွင့် စွဲချက်တင်ကာ ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးကို ယမန်နေ့ ဇူလိုင်လ ၁၅ ရက်က ကျောက်ဖြူမြို့နယ်တရားရုံးတွင် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် စွဲချက်တင်ပြီး ရုံးထုတ်ခဲ့သည်ဟု ၎င်းတို့၏မိသားစုဝင်တစ်ဦးက ပြောသည်။
"သူတို့ကိုအဲဒီလောက်ထိ ပုဒ်မတွေနဲ့ကတော့ တရားစွဲဖို့မသင့်ဘူးပေါ့နော်။ အများကြီးလည်းနှိပ်စက်ထားပြီးတော့၊ နောက်ပြီး စစ်ဆေးပြီးရင်ပြန်လွှတ်ပေးဖို့ဆိုပြီးတော့ အခုဆိုရင် ၅၀၅ (က)နဲ့တစ်ခါ စွပ်စွဲပြန်ပြီပေါ့နော်။ အဲဒီအပေါ်မှာတော့ ကျနော်က မတရားစွပ်စွဲခံရတယ်လို့ပဲ ပြောချင်တယ်" ဟုပြောသည်။
၎င်းတို့အား လာမည့် ဇူလိုင်လ ၂၉ ရက်တွင် ရုံးချိန်းချိန်းဆိုလိုက်ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသည့်လူငယ်နှစ်ဦးမှာ ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာနေ ကိုစိုင်းဝဏ္ဏကျော် (၂၈ နှစ်)နှင့် ကိုထွန်းထွန်းဇော် (၂၀ နှစ်)တို့ဖြစ်ပြီး မူရွင်းကျေးရွာတွင် ပန်းရံလုပ်ငန်းလုပ်ကိုင်နေကြသူဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာသို့ လုပ်ငန်းသုံးပစ္စည်းဝယ်ရန်လာစဉ်တွင် ဇင်ချောင်းရဲစခန်းရှေ့ရှိ လုပ်ငန်းသုံးပစ္စည်းရောင်းသည့်ဆိုင်မှဝယ်အပြီး ယင်းအနီး ကွမ်းယာဆိုင်၌ ကွမ်းဝယ်စားနေစဉ် ရဲသား ၅ ဦးခန့်က မသင်္ကာ၍စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဇင်ချောင်းရဲစခန်းသို့ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ထို့နောက် ဇင်ချောင်းရဲစခန်း၌ ဇွန်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ၎င်းတို့နှစ်ဦးနှင့် မိသားစုဝင်များတွေ့ခွင့်ရခဲ့ပြီး ညနေပိုင်း ကျောက်ဖြူမြို့တပ်ရင်းတစ်ခုသို့ ခေါ်ဆောင်သွားကာ နှစ်ရက်ကြာစစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးအား ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလူငယ်နှစ်ဦးအနက် ကိုစိုင်းဝဏ္ဏကျော်သည် မူရွင်းကျေးရွာတွင် လူပျိုကာလသားခေါင်းဆောင်ဖြစ်ကာ သာရေး၊ နာရေးကိစ္စများတွင် ဦးဆောင်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ ကိုထွန်းထွန်းဇော်မှာ ဆယ်တန်းအောင်၍ တက္ကသိုလ်တက်ရန် ပြင်ဆင်နေသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။ (NN-8)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ