တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သံသယရှိသူ၏အိမ်ဟုဆိုကာ စစ်တပ်က ဝင်ရှာစဉ် မတွေ့၍ ယင်းအိမ်ရှိ ၇၆ နှစ်အရွယ် အဘွားအိုကို ခြိမ်းခြောက်ပြောဆိုခဲ့သည့်အတွက် အလွန်ကြောက်လန့်ခဲ့ရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 8.2k

နိရ ဉ္စရာ၊ ဇူလိုင် ၁၆/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာတွင် AA နှင့်ဆက်စပ်သံသယရှိသူ၏ နေအိမ်ဟုဆိုကာ စစ်တပ်က ဝင်ရှာစဉ်မတွေ့၍ အိမ်ရှိအသက် ၇၆ နှစ်အရွယ် အဘွားအိုကို ခြိမ်းခြောက်ပြောဆိုခဲ့သည့်အတွက် အလွန်ကြောက်လန့်ခဲ့ရသည်ဟု ကာယကံရှင်များနှင့် နီးစပ်သူများက ပြောသည်။
အဆိုပါရှာဖွေခံရသည့်နေအိမ်ကို ယမန်နေ့ ဇူလိုင်လ ၁၅ ရက် ည ၁၀ နာရီခန့်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဇင်ချောင်းရဲစခန်းမှူးတို့ပါဝင်သည့် ရဲနှင့်စစ်တပ်အင်အား ၂၀ ကျော်က လာရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါအိမ်တွင် အသက် ၇၆ နှစ်အရွယ် ဒေါ်ယဉ်နုခိုင်နှင့် အသက် ၂၇ နှစ်အရွယ် မထက်ထက်ဝေတို့ အတူနေထိုင်နေကြသည်ဟု သိရသည်။
ယမန်နေ့ညက လာရောက်ရှာဖွေရာတွင် အိမ်ရှိအဘွားအို အိပ်ရာဝင်နေသဖြင့် တခါးကိုမဖွင့်ပေး၍ သေနတ်ဘောင်များဖြင့် အိမ်ရှေ့တံခါးကိုထုခြင်းတို့ပြုလုပ်ခဲ့ကြပြီး နောက်တွင် တံခါးဖွင့်ပေးရာ၌ အိမ်တစ်အိမ်လုံးကို ဝင်ရောက်ရှာဖွေခဲ့ကာ လက်ကိုင်ဖုန်းများကိုလည်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အပြင် အိမ်ရှိအဘွားအိုအားလည်း "ULA/AA နှင့် ဆက်စပ်သူ၏နေအိမ်မဟုတ်လား"၊ "လိမ်မနေနဲ့။ အားလုံးသိတယ်"၊ "ဒီမိန်းကလေးနဲ့ နှစ်ယောက်တည်းနေတာမဟုတ်မှန်း အားလုံးသိတယ်။ ရဲစခန်းကိုခေါ်သွားမှ အကြောင်းသိမယ်" ဟု လာရောက်စစ်ဆေးသူများက စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သည်ဟု ကာယကံရှင်အဘွားအိုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထို့အတူ လာရောက်စစ်ဆေးသည့် စစ်သားတစ်ဦးက အဘွားအိုနှင့်အတူနေသည့် မထက်ထက်ဝေအားလည်း လက်မောင်းကိုကိုင်ကာ ခန္ဓာကိုယ်ကိုလှုပ်ပြီး အဆိုပါစစ်သားကိုင်ဆောင်ထားသည့် သေနတ်အား "မြင်ဖူးသည်ရှိလား၊ ကိုင်တတ်လား၊ ဒီမှာနေနေတာ ဘယ်လောက်ကြာပြီလဲ၊ ဘယ်သူနဲ့ဆက်စပ်လို့လာနေတာလဲ၊ အခြားလက်ကိုင်ဖုန်းတွေရှိလား"ဟူ၍ စစ်ဆေးမေးမြန်းခဲ့ပြီး အိမ်ရှိသန်းခေါင်စာရင်းနှင့် တစ်အိမ်လုံးကို လှည့်ပတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ တင်းကျပ်စွာစစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သဖြင့် အသက် ၇၀ ကျော်အရွယ် အဘွားအိုမှာ လက်ရှိတွင် ကြောက်လန့်မှုများဖြစ်နေရပြီး တံခါးပိတ်ကာ နေထိုင်နေရကြောင်း အဘွားအိုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
"အဲဒီလိုတွေမေးပြီးတော့ ခြိမ်းခြောက်တယ်။ နင်တို့ဒီသေနတ်နဲ့ပစ်ရင် သေပါသွားမယ်။ လိမ်ညာတဲ့စကားတွေမပြောနဲ့လို့ပြောတယ်။ ဒီကလည်း လိမ်ညာတဲ့စကားတွေမပြောဘူး။ အမှန်ပြောတာလို့ပြန်ပြောလိုက်တယ်။ အဲဒီလိုတွေလုပ်တော့ အဘွားကလည်း ကြောက်လာပြီလေ။ နောက်ပြီးတော့ စစ်ကားနဲ့တစ်စီးထပ်ရောက်လာသေးတယ်။ နောက်ပြီးတော့ သေနတ်ကိုမောင်းတင်ပြီးတော့လေ။ ထောင်ပြတော့ ပိုကြောက်သွားကြတယ်" ဟုပြောသည်။
အဆိုပါနေအိမ်ပိုင်ရှင်သည် သူ၏ခေမဖြစ်သူအား အကြွေးပေးရန်ရှိသဖြင့် အဆိုပါအိမ်အား စာချုပ်စာတမ်းနှင့်လွှဲပြောင်းပေးခဲ့ပြီး သူတို့မိသားစုသည် ယင်းအိမ်မှပြောင်းရွှေ့သွားသည်မှာ ၁ နှစ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
ခေမဖြစ်သူတို့မှာ အစိုးရဝန်ထမ်းဖြစ်၍ နယ်လှည့်သွားနေရသဖြင့် သူမ၏အဒေါ်ဖြစ်သူ အဘွားအား ဆွေမျိုးနီးပါးရင်းနှီးသည့် မထက်ထက်ဝေနှင့်အတူ ယင်းအိမ်တွင် နေထိုင်ရန်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါနေအိမ်ကို ယခင်နှစ်များကလည်း ULA တိုက်နယ်မှူးနှင့်ဆက်စပ်သည့်အိမ်ဟုဆိုကာ စစ်တပ်က လာရောက်ရှာဖွေမှုများရှိခဲ့ပြီး နေအိမ်ပိုင်ရှင်ကိုလည်း စစ်တပ်ဘက်မှလူများဟုထင်မှတ်ရသည့် အကောင့်တုများက လူမှုကွန်ရက်များပေါ်တွင် သတင်းများမမှန်မကန်ဖြန့်ချိမှုများ ပြုလုပ်ခဲ့ကြောင်း အိမ်ပိုင်ရှင်နှင့် နီးစပ်သူများက ပြောသည်။ (NN-8)

ဆက်စပ် သတင်းများ