တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် ဖမ်းဆီးခံထားရသည့်ကျောင်းသား ၂ ဦးနှင့်ပတ်သက်ပြီး ၁ လကြာသည်အထိ သတင်းအစအနမရ၍ မိသားစုဝင်များစိုးရိမ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 4.5k

နိရဥ္စရာ၊ ဇူလိုင် ၁၆/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ကောင်စီက ဖမ်းဆီးထားသည့် အထက်တန်း ကျောင်းသား ၂ ဦးနှင့်ပတ်သက်ပြီး တစ်လကြာသည်အထိ သတင်းအစအနမရသဖြင့် မိသားစုဝင်များမှာ စိုးရိမ်နေရကြောင်း သိရသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ ၈ တန်းကျောင်းသား မောင်မင်းအောင်ခိုင်(၁၇)နှစ်နှင့် ၁ဝ တန်းကျောင်းသား မောင်နိုင်မျိုးထွန်း(ခ)ချဖား(၁၈)နှစ်ဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာ အထက်တန်းကျောင်းခွဲတွင် တက်ရောက်ရန် ပြင်ဆင်နေသူများဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၂ ဦးနှင့်အတူ ပုဏ္ဏားကျွန်းမြို့မှ ဖမ်းဆီးခံရသည့် အခြားဒေသခံ ၆ ဦးကို ယမန်နေ့ ဇူလိုင်လ ၁၅ ရက်တွင် ပုဏ္ဏားကျွန်းနှင့် စစ်တွေခရိုင်တရားရုံးတို့၌ ရုံးထုတ်ခဲ့သော်လည်း ထိုကျောင်းသား ၂ ဦးအား တစ်စုံတစ်ရာရုံးထုတ်ခဲ့ခြင်းမရှိသည့်အပြင် အကျဉ်းထောင်များ၊ ရဲစခန်းများနှင့် စရဖရုံးများသို့ မိသားစုဝင်များမှ သွားရောက်စုံစမ်းသော်လည်း ၎င်းနေရာများသို့ လွှဲပြောင်းမှုမရှိသေးဟု ပြောဆိုကြကြောင်း ကိုနိုင်မျိုးထွန်း၏ဖခင် ဦးစိုးနိုင်ဝင်းက ပြောသည်။
"ကိုယ့်သားသမီးတစ်ယောက်ယောက် ဘာဖြစ်နေမလဲ၊ ဘယ်နေရာမှာရှိနေမလဲ။ ဒုက္ခခံနေရမှာလားဆိုပြီး ခံစားစိုးရိမ်နေကြတယ်။ ရဲလက်ထဲကိုရောက်သွားမယ်ဆိုရင်တော့ ကျနော်တို့မှတပြန် အားရှိသွားပါပြီ" ဟုပြောသည်။
အဆိုပါကျောင်းသား၂ ဦးသည် ဇွန်လ ၁၆ ရက်တွင် ဆေးခန်းပြပြီး ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ပုဏ္ဏားကျွန်းမြို့ထဲတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ယနေ့တွင် ဖမ်းဆီးခံရမှု ၁ လတိတိပြည့်မြောက်သွားပြီဟု သိရသည်။
ပုဏ္ဏားကျွန်းမြို့တွင် ဇွန်လ ၁၆ ရက်နေ့က ခမရ ၅၅၀ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီက မြို့ခံအများအပြားကို ဖမ်းဆီးခဲ့ပြီး အချို့ကိုပြန်လွှတ်ပေးပြီး အချို့ကိုတရားစွဲဆိုထားကြောင်း သိရသည်။ (NN-8)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ