တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးကို AA ဖမ်းဆီးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.4k

နိရဥ္စရာ၊ ဇူလိုင် ၁၇/၂၀၂၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးလှရွှေကို ရက္ခိုင့်တပ်တော် (AA) က ယနေ့ နေ့လယ်ပိုင်းတွင် ဖမ်းဆီးသွားကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေ(၅၅ နှစ်)မှာ ဘူးသီးတောင်ဇာတိဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့တွင် တာဝန်ကျသည်မှာ လပိုင်းခန့်သာရှိသေးကြောင်း သိရသည်။
၎င်းကို ယနေ့ ဇူလိုင် ၁၇ ရက်နေ့ နေ့လယ် ၃ နာရီခန့်တွင် ကျောက်တော်ရှိ မဟာမုနိဘုရားသို့ ဘုရားဖူးပြီး ကားဖြင့်ပြန်လာစဉ် လမ်းတွင် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"အုပ်ချုပ်ရေးမှူး မဟာမုနိကို ဘုရားသွားဖူးပြီးအပြန်မှာ အဖမ်းခံရတယ်လို့သိရတယ်။ သူပြောင်းလာတာ တစ်လတောင်မပြည့်သေးဘူး"ဟု ပြောသည်။
ယခုကဲ့သို့ မြို့နယ်အုပ်ချုပ်ရေးမှူးဖမ်းဆီးခံရပြီးနောက် လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့အခြေအနေမှာ တည်ငြိမ်နေသည်ဟု မြို့ခံများက ပြောသည်။
နောက်ထပ် ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးကလည်း "သူကပြောင်းလာတာမကြာသေးဘူးဆိုတော့ သူ့အကြောင်းတွေတော့ သေချာမသိသေးဘူး။ ဒါပေမယ့် ထွေအုပ်ရုံးမှာသူရောက်တုန်း ပထမဆုံးအစည်းအဝေးလုပ်တုန်းကတော့ အလုပ်တွေတူတူတွဲလုပ်ကြမယ်သေချာ အဲလိုဆိုပြီးပြောခဲ့တယ်" ဟုပြောသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သူ၏ကားဒရိုင်ဘာလည်း ဖမ်းဆီးခံလိုက်ရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဥ္စရာက ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
လက်ရှိ ရခိုင်တွင် စစ်ကောင်စီက AA နှင့် ဆက်စပ်သံသယရှိသူများနှင့် တိုက်နယ်မှူးများကိုပါ ဆက်တိုက်ရှာဖွေစုံစမ်းနေမှုများရှိပြီးနောက် AA ကလည်း ယခုကဲ့သို့ပြန်းဖမ်းဆီးကာ နှစ်ဘက်တင်းမာမှုရှိနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း နှစ်ဘက်အပြန်အလှန်ဖမ်းဆီးမှုများရှိခဲ့ပြီးနောက် စစ်ကောင်စီက ဒေသခံအရပ်သားအများအပြားကို ဖမ်းဆီးမှုများရှိခဲ့သည်။ (NN-7)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ