တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်မှတင်ပို့သည့် ပုစွန်ဖော့ပုံးများနှင့် ရွှေပုစွန်အိတ်များ ရန်ကုန်တွင် အလုခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.8k

နိရဥ္စရာ၊ ဇူလိုင် ၂၄ / ၂ဝ၂၂
ရခိုင်ပြည်နယ်မှ ကုန်ကားများဖြင့်တင်ပို့လိုက်သည့် ပုစွန်ဖော့ပုံးများနှင့် ရွှေပုစွန်အိတ်များသည် ရန်ကုန်တွင် အလုခံနေရသည်ဟု သိရသည်။
ရခိုင်မှ ယမန်နေ့ကတင်ပို့လိုက်သည့် ကဏန်းနှင့် ပုစွန်ပုံးများကိုသယ်ဆောင်လာသော ကေသီဦးကုန်စည်ပို့ဆောင်ရေးဂိတ်မှ ကုန်ကားသည် ယနေ့ ဇူလိုင်လ ၂၄ ရက် နံနက် ၈ နာရီခန့်က ရန်ကုန်မြို့အဝင် လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းစက်မှုဇုန်အလွန်မီးပွိုင့်တွင် မီးပွိုင့်စောင့်ဆိုင်းနေစဉ် အမျိုးသား ၈ ဦးက ဆိုင်ကယ်ဖြင့်လာရောက်ကာ အဆိုပါကားပေါ်မှ ပုစွန်ပုံး ၅ ပုံးကို လုယူသွားခြင်းဖြစ်သည်ဟု စစ်တွေရှိ ကေသီဦးဂိတ်မှူး ဦးမောင်ဝင်းရွှေက နိရဥ္စရာကိုပြောသည်။
“ပုစွန်က တာရှည်ထားလို့ရတယ်။ တန်ဖိုးရှိမှန်းသိလို့ ပုစွန်ပုံးကို ယူသွားတာ။ သူတို့က သွားပြောရင်လည်း လူကို ရန်ပြုတယ်လေ။ အဲဒီမှာလုံခြုံရေးတွေလည်း မရှိတော့ တစ်ခုမှလုပ်လို့မရဘူး”ဟု ပြောသည်။
လုယူသွားသူများတွင် တုတ်၊ ဓားစသည့်လက်နက်များကို ကိုင်ဆောင်ထားသော်လည်း မျက်နှာများကို ဖုံးအုပ်ထားခြင်းမရှိဟု ဆိုသည်။
လုယူခံလိုက်ရသည့်ပုစွန်ပုံး ၅ ပုံးတွင် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ဦးထွန်းတင်တွင် ၂ ပုံး၊ ဦးပေါက်စိန်တွင် ၂ ပုံးနှင့် မင်းပြားမြို့ရှိ KN ငါး/ပုဇွန်အဝယ်ဒိုင်မှ ၁ ပုံး ပါဝင်သည်ဟု သိရသည်။
တစ်ပုံးကို ကျပ် ၃ သိန်းခန့်တန်ဖိုးရှိသည်ဟုလည်း KN ငါး/ပုဇွန်အဝယ်ဒိုင်မှ စာရင်းကိုင် ကိုစိုးနိုင်က ပြောသည်။
“ကုလားပုစွန်တွေဆိုရင် တစ်ပုံးကို ၁ဝ သိန်းလောက်ရှိပါတယ်။ အခုက ဘော့ချိတ်ပုစွန်(ဒေသအခေါ် ပုစွန်တက်)တွေပဲဆိုတော့ တစ်ပုံးကို ၃ သိန်းလောက်ပဲရှိပါတယ်။ လုတဲ့ကောင်တွေကလည်း ကဏန်းထက် ပုစွန်က တန်ဖိုးရှိတော့ ပုစွန်ပုံးကိုပဲ ယူသွားတာထင်တယ်”ဟု ပြောသည်။
အဆိုပါပုစွန်ပုံးများကို ရန်ကုန်ရှိ ငါး/ပုစွန်အဝယ်ဒိုင်များသို့ တင်ပို့ခြင်းဖြစ်ပြီး ရန်ကုန်မြို့အဝင်တွင် ယခုကဲ့သို့ အလုခံလိုက်ရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်ကလည်း လှိုင်သာယာမီးပွိုင့်အနီးတွင် ရခိုင်မှတင်ပို့လာသည့်ကုန်ကားပေါ်မှ ကျပ်သိန်း ၂ဝဝ ခန့်တန်ဖိုးရှိ ရွှေပုစွန်အိတ်များ အလုခံရမှုဖြစ်ပွားခဲ့သည်ဟုလည်း ကိုစိုးနိုင်က ဆက်ပြောသည်။
“အဲဒီတုန်းက ရွှေပုစွန်အိတ် ၂ဝ ကျော်လောက် ပြောတယ်။ အိတ် ၂ဝ ကျော်ဆိုတော့ ကျနော်တို့ခန့်မှန်းခြေအရ သိန်း ၂ဝဝ လောက်ရှိတယ်”ဟု ပြောသည်။
ယခုကဲ့သို့ မကြာခဏ ပုစွန်ပုံးများနှင့် ရွှေပုစွန်အိတ်များ အလုခံနေရသည့်အတွက် ပစ္စည်းပိုင်ရှင်များတွင် ဆုံးရှုံးနစ်နာမှုများရှိနေကြသည်ဟု သိရသည်။
ယခုကိစ္စကို ရန်ကုန်ရှိ သက်ဆိုင်ရာသို့ တိုင်ကြားလျှင်လည်း ထူးလာမည်မဟုတ်သည့်အတွက် တိုင်ကြားထားမှုလည်းမရှိဟု စစ်တွေရှိ ကေသီဦးဂိတ်မှူး ဦးမောင်ဝင်းရွှေက ပြောသည်။

ဆက်စပ် သတင်းများ