တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စနဲမြို့မှဖမ်းဆီးခံထားရသူများအနက် အမျိုးသမီး ၄ ဦးလွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 4k

နိရဥ္စရာ၊ ဇူလိုင် ၂၅/၂၀၂၂
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စနဲမြို့တွင် ယမန်နေ့က ဖမ်းဆီးခံခဲ့ရသူများအနက် အမျိုးသမီး ၄ ဦးသည် ယနေ့ညတွင် လွတ်မြောက်လာပြီဟု ဒေသခံများက ပြောသည်။
လွတ်မြောက်လာသည့်အမျိုးသမီးများမှာ စနဲမြို့ ကံပြင်ရပ်ကွက်မှဖြစ်ကြသော မခင်သူဇာလွင်(ခ)စေ့ကေမ (၂၅ နှစ်)၊ မခင်နီလာလွင် (ခ)မီးမီးယေ (၂၁ နှစ်)၊ မအေးမြတ်မွန် (၂၃ နှစ်)နှင့် မမိုးမိုးသွယ် (၃၂ နှစ်)တို့ဖြစ်ကြသည်။
သူတို့ ၄ ဦးသည် ယနေ့ ဇူလိုင်လ ၂၅ ရက် ည ၈ နာရီခန့်တွင် ကျောက်ဖြူရဲစခန်းမှတဆင့် ခံဝန်ဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်ဟု သူတို့နှင့် နီးစပ်သူတစ်ဦးက နိရဥ္စရာကို ပြောသည်။
“သူတို့ကို ကျောက်ဖြူမြို့ပေါ်က ၃၄ တပ်မကနေ ကျောက်ဖြူရဲစခန်းကို ပို့ပါတယ်။ အဲဒီကတဆင့် ခံဝန်နဲ့ လွှတ်ပေးလိုက်တာဖြစ်ပါတယ်”ဟု ပြောသည်။
နောက်ထပ် အမျိုးသား ၃ ဦးသည် အဆိုပါ ၃၄ တပ်မထဲတွင်ဆက်လက်စစ်ဆေးခံနေရပြီး ယင်းအထဲတွင် ၁၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦးပါဝင်သည်ဟု သိရသည်။
သူတို့သည် ယမန်နေ့ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက စနဲမြို့စခန်းမှူးရဲအုပ်ကျော်ဇင်ဝင်းကို ရက္ခိုင့်တပ်တော်(AA)ကဖမ်းဆီးသွားပြီးနောက် စနဲမြို့ရဲစခန်းတွင် အခြားဒေသခံများနှင့်အတူ ဖမ်းဆီးစစ်ဆေးခံခဲ့ရခြင်းဖြစ်သည်။
စတင်ဖမ်းဆီးစဉ်က စုစုပေါင်း ၁၄ ဦးဖမ်းဆီးခံခဲ့ရသော်လည်း ယင်းအနက် ၇ ဦး လွတ်မြောက်ကာ အမျိုးသမီး ၄ ဦးအပါအဝင် ၇ ဦးဖမ်းဆီးခံထားရဆဲဟု AA ၏ ယနေ့ ဇူလိုုင်လ ၂၅ ရက် ညနေ ၃ နာရီခန့်ကထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယင်း ၇ ဦးကို ယနေ့နံနက်က စနဲမြို့မှတဆင့် ကျောက်ဖြူမြို့ရှိ ၃၄ တပ်မသို့လွှဲပြောင်းခဲ့ပြီးနောက် ယနေ့ညတွင် အမျိုးသမီး ၄ ဦး လွတ်မြောက်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဓာတ်ပုံ - ဖမ်းဆီးစစ်ဆေးမှုများကြောင့် တိတ်ဆိတ်ခြောက်ကပ်ခဲ့သည့် စနဲမြို့မြင်ကွင်းအား ဇူလိုင်လ ၂၄ ရက်က တွေ့ရစဉ်။

ဆက်စပ် သတင်းများ