တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးတွင် ဥပဒေစိုးမိုးမှုအားနည်းပြီး ခိုးဆိုးလုယက်မူဖြစ်စဉ်များလာနေ၍ မြို့ခံများစိုးရိမ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6.7k

နိရဥ္စရာ၊ ဇူလိုင်၂၈/ ၂၀၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဥပဒေစိုးမိုးမှုအားနည်းလာပြီး ခိုးမှု၊ဖောက်ထွင်းမှု၊ လုယက်မှု နှင့် အုပ်စုဖွဲ့ဓားပြတိုက်သည့် ဖြစ်စဉ်များ တစ်နေ့ထက် တစ်နေ့ များပြားလာနေသဖြင့် မြို့ခံများအနေဖြင့် စိုးရိမ်စရာ ဖြစ်နေရသည်ဟု ဒေသခံများကပြောသည်။
အထူးသဖြင့် မြောက်ဦးမြို့ အလယ်စျီးရပ်ကွက်၊ ဘုရားပေါ်ရပ်ကွက်နှင့် လောကမူရပ်ကွက်တို့တွင် ဖြစ်စဉ်များပိုများလာနေသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ရက် ညည့် ၃နာရီအချိန်တွင် မြောက်ဦးမြို့၊ လောကမူ ရပ်ကွက်ရှိ ဒေါ်အေးအေးသန်းအိမ်မှ Smash ဆိုင်ကယ်တစ်စီးနှင့် Honda wave ဆိုင်ကယ်တစ်စီးကို ဇက်သော့ခတ်ထားသည့်ကြားထဲက သူခိုးများက ဆိုင်ကယ်များကိုထမ်းကာ ခိုးယူသွားခဲ့သည်ဟုသိရသည်။
၎င်းဆိုင်ကယ်များကို ခိုးယူပြီးနောက် အိမ်တွင်ကျန်နေသည့် နောက်ထပ် ဆိုင်ကယ်တစ်စီးကိုလည်း ဇူလိုင် ၂၆ ရက် ညဉ့်အချိန် ခိုးယူရန် ထပ်မံ လာရောက်ခဲ့ရာ ရပ်ကွက်နေပြည်သူများက ဝိုင်းလိုက်ရာ ဓားများ၊ လေးဂွများဖြင့် သူခိုးများက ပြန်လည်ခုခံပြီး ထွက်ပြေးသွားခဲ့သည်ဟု ဆိုင်ကယ်ခိုးခံရသူ ဒေါ်အေးအေးသန်းက ပြောသည်။
" ဇူလိုင် ၁၉ ရက်နေ့က ဆိုင်ကယ်က နှစ်စီး အခိုးခံလိုက်ရတယ်။ အိမ်မှာ ဆိုင်ကယ်သုံးစီးမှာ ကျန်တဲ့တစ်စီးကိုပါ ဒီလ ၂၆ ရက်နေ့မှာ တစ်ခါ သူတို့ လာခိုးတာ။ လာခိုးတဲ့အချိန်မှာ ဘေးအိမ်က လူတွေမြင်တော့ သူခိုးကို ဝိုင်းလိုက်တာ ဓားတွေ၊ လေးဂွတွေ ပြန်ခုခံတယ်။ သံလောက်စာလုံး တွေလည်းပါတယ်။ ပြန်လိုက်လို့မရလိုက်ဘူး။ သူခိုးတွေကို လိုက်တဲ့ ကလေးတွေရဲ့ ပြောပြချက် အရတော့ သူခိုးက ၄ယောက်လို့ သိရတယ်။ သန်မာထွားကြိုင်းတဲ့ လူသုံးဦးနဲ့ ပိန်ပိန်ပါးပါး တစ်ဦးပါတယ်။ စုစုပေါင်း ၄ဦးလို့ သိရပါတယ်" ဟု ပြောသည်။
၎င်းတို့မှာ သူခိုးဟုသာဆိုရသော်လည်း သူခိုးများမဟုတ်တော့ဘဲအုပ်စုဖွဲ့ ဓားပြအဆင့်ဖြစ်သွားပြီဟု သူမကပြောသည်။
"ကိုယ့်မိသားစုအပါအဝင် တစ်မြို့သားလုံးအတွက် အသက်အန္တရာယ်တွေ စိုးရိမ်မူတွေရှိနေတယ်။ အခုက ခိုးတာမဟုတ်တော့ဘူး။ လက်နက်ကိုင်ပြီးတော့ ဓားပြတိုက်တာ။ ဓားပြအသွင်ဖြစ်လာတယ်။ မြောက်ဦးမြို့က ရပ်ကွက်တိုင်းက အိမ်တိုင်းလိုလိုပစ္စည်းတွေပျောက်ပြီး စိုးရိမ်နေကြတယ်" ဟု ဒေါ်အေးအေးသန်းက ပြောသည်။
အဆိုပါ ညဉ့်တွင်ပင် ရပ်ကွက်ထဲရှိ သာမန်လက်လုပ်၊ လက်စား ဘေးတွဲ မောင်းသမား တစ်ယောက်၏ ဘေးတွဲဆိုင်ကယ်တစ်စီးလည်း အခိုး ခံခဲ့ရသည်ဟု ဆိုသည်။
ဇူလိုင် ပထမအပတ်ကလည်း မြောက်ဦးမြို့၊ ကန်လှ၊ ရေပေါက်ဝရပ်ကွက်တွင် အိမ်တစ်အိမ်မှ သူခိုး ဝင်ခိုး၍ လိုက်ရာမှ သူခိုးက လေးဂွဖြင့် ပြန်ပစ်၍ ဦးမောင်သာဖြူမှာ မျက်ခုံးကွဲသွားပြီး ဆေးရုံတွင် ခြုပ်ရသည့် အခြေအနေထိ ရောက်ခဲ့သည်ဟု သိရသည်။
ဇူလိုင် ၂၇ ညဉ့် အချိန် နံနက်၂ နာရီခန့်တွင် မြောက်ဦး ရေပေါက်၀ ရပ်ကွက်မှ အိမ်တစ်အိမ်ကို သူခိုး၀င်ရောက်၍ ဖုန်းတလုံးနှင့် ငွေငါးသိန်းကျော် ပါလားကြောင်း Voice of Mrauk U ပေချ့် တွင် သတင်းဖော်ပြသည်။
၎င်းပြင် ၎င်းညဉ့်တွင်ပင် တောင်ရပ်ရပ်ကွက်မှာလည်း ခြံထဲကိုဝင်ကာ သံချောင်ကာထားသော ပြတင်းပေါက်မှ မိသားစုအိပ်နေစဥ် ခြင်ထောင်ကို ဓားဖြင့်ဖောက်၍ လက်ဆွဲအိပ်ကို ချိတ်ဖြင့် ခိုးယူခဲ့ပြီး လက်ဆွဲအိပ်နှင့် မှတ်ပုံတင်တို့အား အိမ်ရှေ့တွင် လွင့်ပစ်ခဲ့သည်ဟုလည်း ၎င်းပေ့ချ်တွင် ဖော်ပြထားသည်။
အလားတူ ဘားဘူတောင်ရပ်ကွက်တွင် သူခိုးကို လှမ်းမြင်၍ အော်ရာမှ သူခိုးက ဓားထောင်ပြသည့် အထိအတင့်ရဲခဲ့ပြီး ဇူလိုင် ၂၅ ရက် နေ့ ညဉ့်ကလည်း နန်းတော်ဝင် တည်းခိုခန်းကို သူခိုးများ ဝင်ရောက်လာခဲ့သည့် အပေါ် သူတို့၏ စီစီတီဗွီမှ ရိုက်ကူးနိုင်ခဲ့သည်ဟု သိရသည်။
ယခုလထဲတွင် မြောက်ဦးမြို့၌ နေ့တိုင်းလိုလို သူခိုးများအုပ်စုလိုက် အိမ်ထဲထိ ဝင်ရောက်ခိုးယူမှုများ၊ ကားများမှ ဘက်ထရီအိုးများကို ဖြုတ်ပြီး ခိုးယူမှုများ ဖြစ်ပေါ်နေသည်ဆိုသည်။
၄င်းအခြေအနေသည် လက်ရှိတွင် အေအေကလည်း အုပ်ချုပ်ရေးနှင့် လုံခြုံရေးကို မြို့ပေါ်ထိ တာဝန် မယူနိုင်သေးသလို စစ်ကောင်စီကလည်း လုံခြုံမှု အပြည့်အ၀ မပေးနိုင်သဖြင့် ၎င်းအခြေအနေကြားထဲတွင် ခိုးဆိုး လုယက်မှုများဖြစ်ပေါ်နေခြင်းဟု ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။
ကြားကာလ အာဏာသက်ရောက်မှု တရားဥပဒေစိုးမိုးမှုနည်းခြင်း၊ အလုပ်အကိုင်ကျပ်တည်းမှု၊ ငွေကြေးဖောင်းပွမှု၊ ဆင်းရဲမွဲတည်မှုနှင့် တိုင်းပြည်မတည်ငြိမ်မှုများ ရှိနေသည့်အတွက် မိမိတို့ကိုယ်တိုင် မိမိအိမ်များကို ကာကွယ်ရန် နည်းလမ်းများရှာ၍ သတိဝိရိယဖြင့် နေကြရန် အထူး လိုအပ်သည်ဟုလည်း Voice of Mrauk U က တိုက်တွန်းပြောဆိုထားသည်။
ဇူလိုင် ၇ မြောက်ဦးမြို့ မြို့လယ် တောင်ရပ်ခွဆုံနား ဦးသာကျော်ဖြူရွှေဆိုင်မှ နံနက် ၉ နာရီကျော် အချိန်မှာ ရွှေဆွဲကြိုးလုယူမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မြို့လူထုက အချိန်မီ ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့သဖြင့် ရွှေနှင့် အတူ လူပါဖမ်းဆီးရမိခဲ့သည်။ (NN 12)
(ဓာတ်ပုံ- သူခိုး ခိုးယူရန် လာသည်ကို စီစီတီဗွီကင်မရာမှ ရိုက်ထားသည်ကို တွေ့ရစဉ်/ Voice of Mrauk U)

ဆက်စပ် သတင်းများ