တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သံသယဖြင့် တရားစွဲခံထားရသည့် တောင်ကုတ်ဒေသခံ ၆ ဦးအမှုတွင် စစ်တပ်ဘက်မှ တရားလိုနှင့်လိုပြသက်သေများ ရုံးချိန်းပျက်ကွက်နေ၍ ၂ နှစ်ကျော်ကြာသည်အထိ အမှုစစ်ရန်ကြန့်ကြာနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1.9k


နိရ ဉ္စရာ၊ သြဂုတ် ၁/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များဟု သံသယဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်ပြည်နယ် တောင်ကုတ်ဒေသခံ ၆ ဦးအမှုတွင် စစ်ဘက်အရာရှိများဖြစ်သည့် တရားလိုနှင့်လိုပြသက်သေများသည် ရှေ့တန်းရောက်နေသည်ဟုဆိုကာ ရုံးချိန်းများပျက်ကွက်နေသဖြင့် ၂ နှစ်ကျော်ကြာသည်အထိ အမှုစစ်ရာတွင် ကြန့်ကြာနေကြောင်း မိသားစုဝင်နှင့် အမှုလိုက်ရှေ့နေများက ပြောသည်။
၎င်းတောင်ကုတ်ဒေသခံ ၆ ဦးမှာ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ချက်ပေါက်ကျေးရွာမှာ ကိုကျော်တင်အောင်၊ ကိုနေရဲဝင်း၊ ကိုထွေးမောင်နှင့် မအီမြို့မှ ကိုသန်းဇော်ဌေးနှင့် ကိုသန်းဇော်ဇော် ညီအစ်ကိုနှစ်ဦးတို့ ဖြစ်ကြသည်။
၎င်းတို့ ၆ ဦး၏အမှုအား ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က တောင်ကုတ်ခရိုင်တရားရုံးတွင် အမှုစစ် မအီရဲစခန်းမှူးအား စစ်ဆေးရန် ရုံးချိန်းခဲ့သော်လည်း အမှုစစ်ရောက်မလာသောကြောင့် လာမည့် သြဂုတ်လ ၁၂ ရက်အား ရုံးထပ်မံချိန်းဆိုလိုက်ကြောင်း ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။
ကိုသန်းနိုင်၏မိသားစုဝင်တစ်ဦးက "သူတို့က အမှုကို အရမ်းအချိန်ဆွဲတယ်။ တရားလိုမရောက်၊ အမှုစစ်မရောက် အဲဒီလိုမျိုးနဲ့ ၂၀၂၀ ကိုးလပိုင်းကနေ တရားရုံးစတင်ထားတာ။ အမှုက ရေရှည်အရမ်းကြာသွားပြီ။ မိသားစုအနေနဲ့ကတော့ အတတ်နိုင်ဆုံး၊ အရင်ဆုံးလွှတ်ပေးစေချင်ပါတယ်။ အမှုက ရေရေရာရာလည်း မဟုတ်ဘူး။ သူတို့မှာပြစ်မှုကျူးလွန်ထားတာလည်း မရှိဘူး" ပြောသည်။
အဆိုပါဒေသခံ ၆ ဦးအနက် ချက်ပေါက်ကျေးရွာမှ သုံးဦးအမှုတွင် စစ်ဘက်မှ တရားလိုအရာရှိများကို စစ်ဆေးပြီးပြီဟု သိရသည်။
သို့ရွာတွင် ဆားပြင်မှ ကိုသန်းနိုင်၊ မအီမှ ကိုသန်းဇော်ဌေးနှင့် ကိုသန်းဇော်ဇော်တို့၏အမှုတွင် တရားလိုဗိုလ်ကြီးမှာ လက်ရှိတွင် ရှေ့တန်းသို့ရောက်ရှိနေသဖြင့် ရုံးချိန်းတက်ရန်အဆင်မပြေဖြစ်နေပြီး တရားလိုပြသက်သေ စစ်တပ်အရာရှိတစ်ဦးကိုလည်း စစ်ဆေးရန်ကျန်နေသေးကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေဦးတင်ညိုက ပြောသည်။
"အချိန်ကြာနေတာကတော့ တရားရုံးဖက်အနေနဲ့ကတော့ သက်သေတွေကို ဆင့်ပြီးတော့ခေါ်နေတာပါပဲ။ ဒါပေမယ့်လို့ တရားရုံးကိုမလာရောက်နိုင်ဘူး။ လူကိုယ်တိုင်မလာနိုင်ပေမယ့်လည်း အခုခေတ်မှာက ရောက်နေတဲ့နေရာက video call နဲ့ စစ်လို့ရတာတွေ ရှိတယ်။ အခုကျန်နေတယ်ဆိုတာက ရှေ့တန်းကို ရောက်နေတဲ့အခါ အဲဒီက မြို့နယ်တရားရုံး၊ ခရိုင်တရားရုံးကို အစစ်ဆေးလာမခံနိုင်တဲ့အနေအထားရောက်နေတယ်" ဟုပြောသည်။
အဆိုပါအမှုတွင် အရပ်ဘက်သက်သေများအားလုံးကို စစ်ဆေးပြီးစ်ီးပြီးပြီဖြစ်သော်လည်း စစ်တပ်ဘက်မှ တရားလိုနှင့်လိုပြသက်သေများကို လက်ရှိအချိန်ထိ မစစ်ဆေးနိုင်သေး၍ အမိန့်ချမှတ်နိုင်ခြင်းလည်း မရှိသေးကြောင်း ရှေ့နေက ဆက်ပြောသည်။
အဆိုပါဒေသခံ ၆ ဦးအား ပြီးခဲ့သည့် ၂၀၂ဝပြည့်နှစ်၊ ဇွန်လက AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(စျ)၊ ၅၀(ည)တို့ဖြင့် စစ်တပ်အရာရှိများu တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွက် ၎င်းတို့သည် သံတွဲအကျဉ်းထောင်မှနေ၍ ၂ နှစ်ကျော်ကြာသည်အထိ တရားရင်ဆိုင်နေရခြင်းဖြစ်သည်။ (NN-8)

ဆက်စပ် သတင်းများ