တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေပွိုင့်အပန်းဖြေစခန်းအတွင်း ဆရာတော် ၁ ပါး ပျံလွန်၍တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.1k

နိရဥ္စရာ၊ သြဂုတ် ၃/ ၂၀၂၂
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ ပွိုင့်အပန်းဖြေစခန်းထဲရှိ ပန်းပင်များကြားတွင် ဆရာတော် ၁ ပါး ပျံလွန်တော်မူ၍ တွေ့ရှိခဲ့သည်ဟု သိရသည်။
အဆိုပါဆရာတော်၏ရုပ်အလောင်းကို ယနေ့ သြဂုတ်လ ၃ ရက် နံနက် ၉ နာရီခန့်တွင် အပန်းဖြေစခန်းအတွင်း သန့်ရှင်းရေးလာလုပ်သူများက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရုပ်အလောင်းအား သွားရောက်သယ်ဆောင်ခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုမင်းထည်ဝါက နိရဥ္စရာကိုပြောသည်။
"ပန်းပင်တွေကြားမှာ ပါးစပ်က အမြှုပ်တွေထွက်ပြီး ပျံလွန်တော်မူနေတာပါ။ ဘာဒဏ်ရာမှလည်း မရှိဘူး"ဟု ပြောသည်။
မည့်သည့်အချိန်က ရောက်ရှိပြီး မည်သည့်အချိန်တွင် ပျံလွန်သွားသည်ကို မသိရသေးသလို ဆရာတော်၏ဘွဲ့အမည်နှင့် မည်သည့်ကျောင်းတိုက်မှဖြစ်သည်ဟုဆိုသည်ကိုလည်း စုံစမ်းမရသေးဟု ဆိုသည်။
အဆိုပါဆရာတော်တွင် လွယ်အိတ်တစ်လုံး၊ ထီးတစ်ချောင်းနှင့် သပိတ်တစ်လုံးပါရှိပြီး ရုပ်အလောင်းကို စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားခဲ့ကြောင်း ကိုမင်းထည်ဝါက ပြောသည်။
အဆိုပါဆရာတော်ကို မပျံလွန်မီ ယခင်ရက်များက ပွိုင့်အပန်းဖြေစခန်းနားတွင် နေ့စဉ်လိုလိုတွေ့နေရပြီး အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သူများထံမှ အလှူငွေတောင်းခံပြီး စခန်းထဲတွင် ဝင်ရောက်အိပ်စက်မှုများလည်း ရှိသည်ဟု မြို့ခံများက ပြောသည်။ (NN - 12)

ဆက်စပ် သတင်းများ