တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ALP မှဗိုလ်မှူးကြီးခိုင်ပေါ်လင်းကို AA ဖမ်းခေါ်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 10k

နိရဥ္စရာ၊ သြဂုတ် ၃/၂၀၂၂
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ ခိုင်ပေါ်လင်းအား ရက္ခိုင့်တပ်တော် ( AA)က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်း ရရှိသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းသည် ဇွန် ၁၃ ရက်နေ့က ပါတီ၏ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနှင့်အတူ နေပြည်တော်တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ခေါ် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
ယခု ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်းဖမ်းဆီးခံရမှုမှာ နိုင်ငံရေးနှင့် ပတ်သက် ဆက်နွယ်မှု ရှိ/မရှိကို သိရှိလိုသဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တွဲဖက်အတွင်းရေးမှူး ဦးခိုင်အောင်စိုးသန်းကို ဆက်သွယ် မေးမြန်းရာ အတိအကျ ပြောရန်စောသေးကြောင်း ပြောကြားသည်။
"ကျနော်ကြားတာက အဖမ်းခံရတာ နှစ်ယောက်လို့ ကြားတယ်။ ဆိုင်ကယ်မောင်းတဲ့ လူငယ် တစ်ယောက်၊ ဆရာခိုင်ပေါ်လင်းတစ်ယောက်လို့ သိရတယ်။ ဖမ်းခံရတာ ဖြစ်နိုင်ခြေတော့များပါတယ်။ အသေးစိတ်တော့ အတိအကျကိုတော့ မသိရသေးဘူး။ ဘာကြောင့်ဖမ်းသလဲဆိုတာ နည်းနည်းတော့ ပြောဖို့စောပါသေးတယ်”ဟု ပြောကြားသည်။
သူတို့အား လူငယ် နှစ်ယောက်၊ သုံးယောက်က ဖမ်းခေါ်သွားသည်ဟု သိရကြောင်း၊ နာဇီရွာရုံးတွင် မူးယစ်ဆေးဝါးသုံစွဲသူများအပါအဝင် တိုင်ကြားသူ တချို့၏ အမှုများကို တရားစီရင်မှုနှင့် သက်ဆိုင်နိုင်သည်ဟု ထင်ရကြောင်း၊ လက်ရှိမှာ ဖမ်းဆီးခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းနေကြောင်း၊ ရက္ခိုင့်တပ်တော် (AA) ကိုလည်း မေးမြန်းထားကြောင်း ဦးခိုင်အောင်စိုးသန်းက နိရဥ္စရာကို ပြောသည်။
" ကျနော်တို့ လိုက်စုံစမ်းနေပါတယ်။ ဖမ်းတယ်ဆိုလည်း ဘာကြောင့်ဖမ်းလဲလို့ ရက္ခိုင့်တပ်တော် AA ကိုလည်း မေးမြန်းထားတာရှိပါတယ်။ ဒီ လူငယ် တစ်ယောက်နှစ်ယောက်က ဖမ်းသွားတယ်ဆိုရင် တပ်တော်ကဖမ်းတာလား။တခြား ပုဂ္ဂလိကရန်ငြိုးတွေလည်း ရှိနိုင်တယ်။ အမျိုးမျိုး စဉ်းစားကြည့်တာပေါ့လေ။ နောက်ပိုင်းတော့ အေအေက ဖမ်းသွားတယ်ဆိုတာတော့ ၇၅ ရာနူန်းလောက် ဖြစ်ဖို့များနေပါတယ်" ဟု ပြောသည်။
စက်ရုံစု ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ALPခေါင်းဆောင်တစ်ဦး အဖမ်းခံရသည်ဟု သိရကြောင်း ပြောကြားသည်။
"ကျနော်တို့ကြားတာက မနေ့က ALP ခေါင်းဆောင်တစ်ဦးကို အမည်မသိလူတစ်စုက ဖမ်းသွားတယ် လို့တော့ ကြားပါတယ်။ ကျနော်တို့ စက်ရုံရပ်ကွက်မှာ ဖြစ်သွားတာတော့ ဟုတ်ပါတယ်" ဟု ပြောသည်။
ယခုကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဥ္စရာက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
ရက္ခိုင့်တပ်တော် ( AA) သည်ယခင်ကလည်း တွဲဘက် အတွင်းရေးမှူး ခိုင်အောင်စိုးသန်းကိုလည်း ဖမ်းဆီးခဲ့ခြင်းရှိခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
ယခုနှစ် ဇွန် ၁၃ ရက် နံနက်ပိုင်းကလည်း စစ်ကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)ဒုတိယ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ ဆုံရာတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင်များဖြစ်ကြသည့် ခိုင်စိုးမြ၊ ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်းလည်း တက်ရောက်ခဲ့သည်။ (NN-7)

ဆက်စပ် သတင်းများ