တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်ဖြူ မူရွင်းကျေးရွာတွင် ULA/AA နှင့် ဆက်စပ်သူ၏နေအိမ်ဟုဆိုကာ စစ်ကောင်စီက အင်အားအများအပြားဖြင့် ဝင်ရောက်ရှာဖွေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 5.7k

နိရဉ္စရာ၊ သြဂုတ် ၈/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာရှိ နေအိမ်တစ်အိမ်ကို ULA/AA နှင့် ဆက်စပ်သူတစ်ဦး၏နေအိမ်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီတပ်သည် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာရဲစခန်းတွင် တပ်စွဲခဲ့သည့်စစ်တပ်ဖြစ်ပြီး အင်အား ၄၈ ဦးခန့် ပါဝင်ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါတပ်သည် ယနေ့ သြဂုတ်လ ၈ ရက် နံနက် ၇ နာရီခန့်တွင် မူရွင်းရွာသို့ဝင်ရောက်လာပြီး နံနက် ၈ နာရီခန့်၌ ULA/AA နှင့် ဆက်စပ်သူဟုယူဆရသောသူ၏ယောက္ခမနေအိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
"အဲဒီအိမ်ကိုဝင်စစ်တော့ သူတို့ရှာတဲ့လူက အဲဒီမှာမရှိဘူး။ အဲဒီအိမ်ကလည်း သူ့ယောက္ခမအိမ်လေ။ အိမ်ထဲတွေထိလည်း ဝင်စစ်ခဲ့တယ်" ဟု ပြောသည်။
၎င်းနေအိမ်အား စစ်ဆေးပြီးနောက်တွင် မူရွင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများကို ခေါ်ကာ စစ်တပ်မှ ရှာဖွေနေသည့် ULA နှင့်ဆက်စပ်သူ၏အကြောင်းအရာများကို မေးမြန်းခဲ့ကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
"တစ်ယောက်ကိုမှ ဖမ်းသွားတာတွေ ဘာတွေလည်း မရှိဘူး။ ရာအိမ်မှူးတို့၊ အုပ်ချုပ်ရေးမှူးတို့ကို ခေါ်ပြီးမေးတယ်။ အခုတော့ သူတို့က ကလန့်တဲ့အုပ်စုရွာတွေကို ပတ်ပြီးသွားနေတယ်" ဟု ပြောသည်။
လက်ရှိတွင် ၎င်းစစ်ကြောင်းသည် ကလန့်တဲအုပ်စု၊ ကုန်ဘောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားဝန်းအတွင်းတွင် စခန်းချထားကြောင်း ဒေသခံများက ပြောသည်။
လက်ရှိ ရခိုင်တွင် AA က စစ်တပ်အရာရှိအချို့ကို ဖမ်းဆီးထားပြီး ကျောက်ဖြူအပါအဝင် အခြားမြို့နယ်များတွင်လည်း ULA/AA နှင့် ဆက်စပ်သူများကို ဆက်တိုက်ရှာဖွေဖမ်းဆီးစစ်ဆေးမှုများလည်း ရှိနေဆဲဖြစ်သည်။ (NN-8)

ဆက်စပ် သတင်းများ