တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

တိုက်ပွဲများကြောင့် ၈၃ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ရခိုင်မြို့အများအပြားတွင် စည်စည်ကားကားကျင်းပနိုင်မည်မဟုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 8.3k


နိရဥ္စရာ၊ စက်တင်ဘာ ၇/၂၀၂၂

စက်တင်ဘာလ ၉ ရက်တွင် ကျရောက်မည့် ၈၃ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသအတွင်း တည်ငြိမ်မှုမရှိဖြစ်နေ၍ ရခိုင်မှ မြို့အများအပြားတွင် ကျင်းပနိုင်မည်မဟုတ်ဟု သိရသည်။

မြောက်ဦးမြို့တွင် ပြီးခဲ့သည့်စက်တင်ဘာလ ၄ ရက်က စစ်ကောင်စီတပ်ကမြို့ထဲသို့ဝင်ရောက်ပြီး ရှေးဟောင်းအမွေအနှစ် နန်းရာကုန်းတံတိုင်အပါအဝင် မြို့လယ်လူနေရပ်ကွက်များကို အကြောင်းမဲ့ သေနတ်ပစ်ခတ်ခြင်း၊ အရပ်သားပြည်သူများကိုဖမ်းဆီးခြင်းနှင့် ယမန်နေ့ စက်တင်ဘာလ ၅ ရက်ကလည်း မှိုင်းရှင်းလင်းမည်ဟုဆိုကာ စျေးဆိုင်များကိုပိတ်သိမ်းခိုင်းပြီး ကုန်ပစ္စည်းများကို နေရာပြောင်းရွေ့ခိုင်းခြင်း၊ အစစ်အဆေးအတင်းအကျပ်များရှိနေခြင်း၊ လတ်တလော မြေပြင် အခြေအနေများ ငြိမ်သက်မှုမရှိ၍ ၈၃ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို လုပ်ဖြစ်မည်မဟုတ်ဟု မြောက်ဦးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

"ကျွန်တော်တို့ အရင်တုန်းကတော့ ဆရာတော်ဦးဥတ္တမနေ့မှာ စာပေဟောပြောပွဲတွေ။ အောက်မေ့ဖွယ် အခမ်းအနားတွေနဲ့ စည်စည်ကားကားကျင်းပသွားမယ်လို့ အစီအစဉ်တွေရှိတယ်။ ဒါပေမဲ့ အခုမြောက်ဦးမြို့ရဲ့လက်ရှိအခြေအနေတွေကို လူတိုင်းသိမှာပါ။ အဲ့ဒီအခြေအနေတွေကြောင့် အခမ်းအနားပွဲတွေ။ ဟောပြောပွဲတွေလုပ်မယ့်အစီအစဉ်ကိုဖျက်သိမ်းလိုက်ရတယ်။ လူစုလူဝေးတွေ မြင်ရင် စစ်တပ်ကအထင်လွဲမှားပြီး ပြည်သူတွေ ထိခိုက်နစ်နာအောင်လုပ်မှာကိုလည်းစိုးရိမ်ရတယ်" ဟု ပြောသည်။

ထို့အတူ မင်းပြားမြို့တွင်လည်း ယခင်နှစ်များက ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ကိုဗစ်အခြေအနေတို့ကြောင့် လူစုလူဝေးမလုပ်ရဟုဆို၍ ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ချေ။
 
ယခုနှစ်တွင်လည်း နိုင်ငံရေးအခြေအနေ မတည်ငြိမ်ခြင်းနှင့် စီးပွားရေးကျပ်တည်မှုတို့ကြောင့် ကျင်းပနိုင်မည်မဟုတ်ဟု မင်းပြားမြို့ခံ ဦးသိန်းဇံက ပြောသည်။

"ဒီနှစ်တော့ လုပ်ဖြစ်ဖို့အစီစဉ်မရှိဘူး။ ဘာလို့ဆိုတော့ ငွေရေးကြေးရေးအဆင်မပြေဘူး။ တိုင်းရေးပြည်ရေးကလည်း မငြိမ်သက်ဘူး။ မြေပြင်အခြေအနေကလည်း မကောင်းတော့ နောက်ဆုတ်လိုက်ရတယ်။ ဒါပေမဲ့ သံဃာတော်(၉)ပါးကို ဆွမ်းဆက်ကပ်လှူဒါန်းသွားဖို့လို့တော့ အဖွဲ့ဝင်တွေနဲ့ အစီစဉ်တစ်ရပ်ရေးဆွဲထားတယ်" ဟု ပြောသည်။

အလားတူ ကျောက်တော်မြို့တွင်လည်း လာမည့်စက်တင်ဘာ ၉ ရက်တွင်ကျရောက်မည့် ၈၃ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို ကျင်းပပြုလုပ်မည်မဟုတ်ဟု ကျောက်တော်လူငယ်များ အသင်းမှ ဒုဥက္ကဋ္ဌ မမြတ်စုလှိုင်က ပြောသည်။

"အရင်နှစ်တွေကတော့ ကျွန်မတို့ ကျောက်တော်လူငယ်များအသင်းအဖွဲ့က အခမ်းအနားပွဲတွေ လုပ်ခဲ့တယ်။ ဒီနှစ်တော့ အသင်းဝင်တွေက ကျောင်းတက်နေရတော့လူမစုံဘူး။ လူအင်အားနည်းတယ်။ ဒါကြောင့် အခမ်းအနားပွဲလုပ်ဖြစ်မယ့်အစီစဉ်မရှိပါဘူး။ နိုင်ငံရေးအခြေအနေကလည်း စိုးရိမ်ရတာလည်း ပါတယ်။ ကျောက်တော်မြို့ထဲက တစ်ခြားအဖွဲ့အစည်းတွေလည်း အခမ်းအနားလုပ်မယ်လို့ပြောသံမကြားသေးဘူး။ အခုအချိန်ထိ ဘာမှပြောသံမကြားရသေးဘူး" ဟု ပြောသည်။

ကျောက်ဖြူမြို့မှ ကိုဦးသန်းလွင်ကလည်း "လောလောဆယ်တော့ အစီအစဉ်မရှိသေးဘူး။ ဘာလို့ဆို လူတွေက စီးပွားရေးကျပ်တည်းတဲ့ကာလလည်းဖြစ်တယ်။ လုပ်ဖို့အတွက် လူတွေကလည်း စုစုစည်းစည်းမရှိဘူး။ လူငယ်တွေကစပြီးလုပ်ရတာကို အခုချိန်ထိလူငယ်တွေက တက်တက်ကြွကြွနဲ့ ဘာမှမရှိတော့ ဒီနှစ်လုပ်ဖြစ်ဖို့အစီအစဉ်မရှိဘူး" ဟု ပြောသည်။

အမ်းမြို့တွင်ဆိုလျှင်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၉ ရက်က ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် အမ်းမြို့ရှိ ဆရာတော်ရုပ်တုရှေ့တွင် ဒေသခံများက ဂါရဝပြုပူဇော်ထားသည့် ပန်းခွေများအား ရဲနှင့်စစ်သားများ၏ ရုပ်သိမ်းခြင်းခံလိုက်ရ၍ ယခုနှစ်တွင်လည်း အခမ်းအနားပွဲ ပြန်လည်ကျင်းပနိုင်မည်မဟုတ်ဟု မြို့ခံ ကိုမျိုးလွင်က ပြောသည်။

"မနှစ်ကပေါ့နော်။ ဆရာတော်ဦးဥတ္တမနေ့မှာ ဆရာတော်ရုပ်တုသွန်းလုပ်ပြီး မြို့နယ် နာယကကလည်း ခွင့်ပြုပြီး အခမ်းအနားပွဲကျင်းပတာကို ရဲနဲ့စစ်သားတွေကလာတားပြီး ပန်းခွေတွေကိုလည်း ရုပ်သိမ်းခံလိုက်ရတယ်။ ဒီနှစ်လည်း ပြန်ကျင်းပနိုင်မှာမဟုတ်ဘူး။ စိုးရိမ်ရတာတွေရှိတယ်။ ဒါပေမဲ့ ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်မယ့်အစီစဉ်တစ်ခုတော့ရှိတယ်" ဟု ပြောသည်။

သံတွဲမြို့တွင်မူ စက်တင်ဘာလ ၉ ရက် နံနက် ၉ နာရီတွင် ပင့်ဖိတ်ထားသည့် သံဃာတော်များအား ဆွမ်းကပ်လှူကာ အမျှအတမ်း ပေးဝေခြင်း၊ မွန်းတည့် ၁၂ နာရီတွင် The One တေးဂီတအဖွဲ့က စင်တင်တေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ ရခိုင်မင်္ဂလာစည်တော်များတီးခတ်ခြင်း၊ ဟောပြောပွဲကျင်းပခြင်းနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း၊ နေ့လယ် ၂ နာရီတွင် သံတဲမြို့ရှိ လေးမျက်နှာကုန်း ဓမ္မာရုံမှနေ၍ ဗိုလ်ချုပ်လမ်းရှိ ဦးဥတ္တရုပ်တုရှိရာပန်းခြံသို့ တန်းစီချီတက်ကာ ဆရာတော့်ရုပ်တုအား လွမ်းသူ့ပန်းခွေချပြီးဂါဝရ ပြုခြင်းတို့ကို ပြုလုပ်သွားမည်ဟု ကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

စစ်တွေတွင်ဆိုလျှင် ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၄ ရက်က စစ်တွေ အ.ထ.က(၂)တွင်ကျင်းပထားသည့် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲမှ ဆုရကျောင်းသူ၊ ကျောင်းသားများကို စက်တင်ဘာလ ၉ ရက်တွင် ဆုချီးမြှင့်မည်ဖြစ်ပြီး ဆရာတော့်ရုပ်တုအား ဂါရဝပြုခြင်းတို့ကို အကျဉ်းရုံးပြုလုပ်သွားမည်ဟု ကျင်းပရေးကော်မတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံကို နယ်ချဲ့ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးအတွက် ဦးဆောင်ကာ မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် နိုင်ငံရေးမျိုးစေ့ကို စတင်ချပေးခဲ့သော ရဟန်းတော်တစ်ပါးဖြစ်သည်။

ယင်းအပြင် ဆရာတော်သည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအမှုနှင့် ပထမဆုံး အကျဉ်းကျခံခဲ့ရသည့် ရဟန်းတော်တစ်ပါးလည်း ဖြစ်သည်။

 
ထောင်မှ လွတ်မြောက်လာပြီးနောက်ပိုင်းတွင်လည်း မြန်မာပြည်အနှံ့ နိုင်ငံရေး တရားများကို ဟေပြောခဲ့သောကြောင့် ၃ ကြိမ်တိုင်တိုင်ထောင်နန်းစံခဲ့ရသည်။

ဆရာတော်သည် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြိ့နယ်ရှိ ညောင်တုန်းဘုန်းကြီးကျောင်း၌ ဆီးချိုရောဂါဖြင့် ပျံလွန်တော်မူသွားခဲ့သည်။

ဆရာတော်ပျံလွန်တော်မူသည့်နေ့ကို ဆရာတော်ဦးဥတ္တမနေ့အဖြစ် ရခိုင်တစ်မျိုးသားလုံးက အသိအမှတ်ပြုကာ အောက်မေ့ဖွယ် အခမ်းအနားများလည်း နှစ်စဉ်ကျင်းပလျက်ရှိနေကြသည်။ (NN-12)

ဆက်စပ် သတင်းများ