စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ရခိုင်စစ်ရေးတင်းမာမှုနှင့်အတူ ရသေ့တောင်မြို့အဝင်အထွက်ကိုစစ်ကောင်စီကပိတ်လိုက်ပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6.8k

 

နိရဉ္စရာ၊ စက်တင်ဘာ၁၈/၂၀၂၂

ရခိုင်တွင် တစ်နေ့ထက် တစ်နေ့ စစ်ရေးတင်းမာမှုနှင့် အတူ ရသေ့တောင်မြို့သို့ အဝင်အထွက် ရေလမ်း၊ ကုန်လမ်းများကို ယနေ့စ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီဟု သတင်းရရှိသည်။

ယနေ့ ညနေ ၃ နာရီခန့်တွင် ရသေ့တောင်မြို့ပေါ် ၄ ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို မြို့နယ်အုပ်ချုပ်ရေးမှူးက အစည်းအဝေးခေါ်ယူပြီး ယင်းသို့ အဝင်အထွက်ကို ကန့်သတ်ပိတ်ပင်ရန် ပြောဆိုခဲ့သည်ဟု အမည်ဖော်လိုသူ တစ်ဦးက ပြောသည်။

ဒီကနေ့ မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးက အစည်းအဝေးခေါ်ပြီး ပြောတယ်လို့ သိရတယ်။ ရေယာဉ်တွေ၊ လှေတွေ အဝင်အထွက်မလုပ်ရဘူးလို့ စစ်ကောင်စီဗျူဟာမှူးက ပိတ်ခိုင်းတယ်လို့ ပြောတယ်။ ဘာကြောင့် ပိတ်ခိုင်းတယ်ဆိုတာ တိတိကျကျ မသိဘူး။ အကြောင်းပြချက်မရှိဘူးလို့ သိရပါတယ်ဟု ၎င်းက ပြောသည်။

ရသေ့တောင်မြို့အတွင်းသို့ လောင်းလှေ၊ စက်တပ်ရေယာဉ်များလုံး၀ ဝင်ခွင်မပြုကြောင်းနှင့် မလိုက်နာက သေနတ်ဖြင့် ပစ်မည်ဟု ပြောဆိုကြောင်း၊ ရေကြောင်းကိုပိတ်လျှင် ကုန်လမ်းကလည်း ဝင်ခွင့်မရတော့ဟု သိရကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိတွင် မြို့နယ်စည်ပင် နယ်ကျေးရွာများရှိ စက်လှေလိုင်းများကို အဝင်အထွက်မလုပ်ကြရန် အကြောင်းကြားလာသည်ဟု ဒေသအတွင်းရှိ စက်လှေပိုင်ရှင်တစ်ဦးက ပြောသည်။

စည်ပင်ကနေ ဖုန်းနဲ့ အကြောင်းကြားလာတယ်။ ရသေ့တောင်ကို စက်လှေတွေ၊ မော်တော်ယာဉ် အဝင်အထွက်မလုပ်ဖို့ ပြောလာတယ်။ ကုန်လမ်းကနေလည်း ဝင်ခွင့်မပြုဘူးလို့ သိရပါတယ်။ မြို့ကို ပိတ်ထားလိုက်တဲ့သဘောပါ။ ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာ မသိရသေးဘူးဟု ပြောဆိုသည်။

၎င်းပြင် ရသေ့တောင်မြို့အထက် မေယုမြစ်ထဲတွင်လည်း စစ်ကောင်စီ ရေယာဉ်နှစ်စီးကို ကျောက်ချရပ်နားထားသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ်တွင် ဩဂုတ် ၁၃ ရက်နေ့က ဒုံးပိုက်ကျေးရွာအနီး မေယုတောင်ထဲ၌ တစ်ကြိမ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း မညှင်းတောင်ကျေးရွာအနီးတွင်လည်း ဩဂုတ် ၃၀ ရက် ညနေပိုင်းက တစ်ကြိမ် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် တိုက်ပွဲများ မရှိသော်လည်း စစ်ရေးအရတင်းမာမှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ