စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

မြိတ်၀ကျေးရွာမှထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များအတွက် မီဇူရမ်ပြည်နယ်အစိုးရခွင့်ပြုချက်ဖြင့် ကိုယ်ထူကိုထအဆောင်တန်းလျားများစတင်ဆောက်လုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 5.1k

နိရဥ္စရာ၊ စက်တင်ဘာ /၂၀၂၂

အိန္ဒိယနိုင်ငံ၊ မီဇူရမ်ပြည်နယ်ထဲသို့ထွက်ပြေးရောက်ရှိနေကြသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြိတ်၀ကျေးရွာမှ ရခိုင်စစ်ဘေးရှောင်များအတွက် အဆောင်တန်းလျားများကို မီဇူရမ်ပြည်နယ် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ကိုယ်ထူကိုယ်ထ စတင်ဆောက်လုပ်နေကြပြီဟု ရွာသစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးပညာဇောတက နိရဉ္စရာသတင်းဌာနကို မိန့်ကြားသည်။

 

ရွာသားတွေနဲ့ စစ်ဘေးရှောင်ကလူတွေ ကိုယ်ထူကိုယ်ထဆောက်လုပ်နေတာပါ။ အလှူရှင်မရှိဘူး။ အစိုးရက ကိုယ်ကြိုက်နှစ်သက်ရာမှာဆောက်ကြဆိုပြီးပြောတယ်။ ပစ္စည်းတွေဘာတွေပေးတာတော့ မရှိဘူး။ တာပေါ်လင်စတွေနဲ့ မိုးကာစတွေတော့ သူတို့ နည်းနည်းပါးပါးပေးတယ်။ နောက်ထပ် ပေးတာမရှိဘူးဟု မိန့်သည်။


အဆိုပါအဆောင်တန်းလျားများကို စစ်ဘေးရှောင်များဝင်ရောက်ခိုလှုံနေကြသည့် တပ်ပေါင်းချေရွာ ဘုန်းကြီးကျောင်းအောက်မြေနေရာ၊ ရွာသစ်ရွာဘောလုံးကွင်း၊ ရွာသာယာရွာဘုန်းကြီးကျောင်းအနီးနှင့် လိုင်တလင်ရွာအနီး မြေကွက်လပ်တို့တွင် စက်တင်ဘာလ ၁၇ ရက်မှစတင် ဆောက်လုပ်နေကြခြင်း ဖြစ်သည်။

 
စစ်ဘေးရှောင်များကိုယ်တိုင် ၎င်းးအဆောင်များကို ကိုယ်ထူကိုယ်ထဆောက်လုပ်နေရသည့်အတွက် အခက်အခဲတချို့ရှိကြောင်း၊ ငွေကြေးလုံလောက်မှုမရှိ၍ အဆောင်များအား ဝါးကိုအဓိကထား အသုံးပြုသွားမည်ဖြစ်ပြီး အမိုးများကို တာပေါ်လင်မိုးကာစများကိုသာ အသုံးပြုသွားမည်ဟု ဆရာတော်က  ဆက်မိန့်ကြားသည်။

ဝါးကိုလည်း ဝယ်ကြရတယ်။ ခုတ်နိုင်တဲ့သူတွေကတော့ သွားခုတ်ကြတယ်။ မခုတ်နိုင်ကြတဲ့ စစ်ဘေးရှောင်တွေမှာ ဝယ်နေရတယ်။ စစ်ဘေးကနေထွက်ပြေးလာကြသူတွေဆိုတော့ အကူအညီ အထောက်အပံ့ကလိုအပ်နေပါတယ်ဟု မိန့်သည်။

အဆိုပါစစ်ဘေးရှောင်များမှာ အိန္ဒိယနိုင်ငံနယ်စပ်အနီးရှိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မြိတ်ဝကျေးရွာဘက်မှ ဖြစ်ကြပြီး မြိတ်ဝစစ်တပ်အခြေစိုက်စခန်းကို AA က ပြီးခဲ့သည့် စက်တင်ဘာလ ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့ပြီးနောက် နောက်တစ်နေ့တွင် စစ်တပ်တပ်စခန်း အနီးဝန်းကျင်ကို စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်မှုများရှိခဲ့သည့်အတွက် ဒေသခံများသည် လုံခြုံရေးစိုးရိမ်၍ အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်ထဲသို့ ထွက်ပြေး တိမ်းရှောင်လာကြခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ဘေးရှောင် လူဦးရေအရေအတွက်မှာ ရွာသစ်ကျေးရွာတွင် အိမ်ထောင်စု ၅၁ စု (လူဦးရေ ၂ဝ၇ ဦး) တပ်ပေါင်းချေကျေးရွာတွင် အိမ်ထောင်စု ၂၇ စု (လူဦးရေ ၁၁၅ ဦး) လိုင်တလန်ကျေးရွာတွင် အိမ်ထောင်စု ၃၉ စု (လူဦးရေ ၁၆၃ ဦး) နှင့် ရွာသာယာကျေးရွာတွင် အိမ်ထောင်စု ၂၁ စု (လူဦးရေ ၁ဝ၅ ဦး) စုစုပေါင်း လူဦးရေ ၆ဝဝ ခန့်ရှိပြီး သူတို့ စားရေးသောက်ရေးအတွက် အကူအညီအထောက်အပံ့များလည်း ဆက်လက် လိုအပ်လျက်ရှိသည်ဟု သိရသည်။

ဆက်စပ် သတင်းများ