တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ်တွင် လူသတ်မှု၊ ဓားပြမှု၊ ခိုးဆိုးလုယက်မှုများ များပြားလာ၍ ရွာသားများ မိမိအစီအစဉ်ဖြင့် ညကင်းစောင့်နေကြရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/၂၀၂၃

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် နေ့စဉ် ရက်ဆက်ဆိုသလို  ခိုးဆိုးလုယက်မှုများအပြင် လူသတ်မှုများပါ က်တိုက်ဖြစ်ပွားနေသဖြင့်  ကျေးရွာတချို့တွင် ရွာသားများစုပေါင်းကာ မိမိအစီအစဉ်ဖြင့် ညကင်းစောင့်နေကြရသည်ဟု သတင်းရရှိသည်။

တောင်ကုတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်အစ တစ်လကျော်အတွင်း ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ ဓားပြမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေ၍ မြို့နယ်အတွင်းမှ ခူးတိုက်နယ်ရှိ ရွှေပန်းတောရွာအပါအဝင် ဝက်ကျိန်းအုပ်စု၊ ရွာသစ်၊ ရွာဟောင်းကျးရွာ၊ သင်္ဘောဆိပ်၊ မှိုဟင်းတောရွာအပြင် အခြားအနီးအနားကျေးရွာများတွင်လည်း နေ့စဉ် ညကင်းစောင့်နေရကြောင်း ဒေသခံများက ပြောသည်။

သင်္ဘောဆိပ်ကျေးရွာမှရွာသားတစ်ဦးက "ဝါးနဲ့တားတဲ့ မောင်းတံဂိတ်လုပ်ထားပါတယ်။ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ရွာသားတွေက အလှည့်ကျကင်းစောင့်ရတာပေါ့။ အဓိကကတော့ ဒုစရိုက်မှုတွေမဖြစ်ဖို့ပါ"ဟု ပြောသည်။

ယင်းအပြင် ရွှေပန်းတောကျေးရွာတွင်လည်း ရွာသားများကို တစ်အိမ်လျှင် တစ်ဦးကျဖြင့် (၁၀)ဦးတစ်ဖွဲ့စီ အုပ်စုဖွဲ့ကာ အလှည့်ကျကင်းစောင့်နေရသည်ဟု ရွာသားတစ်ဦးက ပြောသည်။

"ဒီလိုမလုပ်လို့ကမရတော့ဘူး။ အခိုးခံရတာ၊ ဓားပြမှုတွေ၊ လူသတ်မှု၊ လုယက်ခံရတာတွေက များလာနေပြီ။ ဆက်တိုက်ဆိုသလိုဖြစ်လာနေလို့ အုပ်ချုပ်ရေးမှူးတွေကလည်း ကင်းစောင့်ရမယ်ပြောလာတော့ ကိုယ်ထူကိုယ်ထအနေနဲ့စောင့်ကြတာပါ" ဟု ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နှင့် ၅ ရက်ညတို့ကလည်း တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်မှ ကယ်ရီသမား ၂ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ကာ ဆိုင်ကယ်ခိုးယူမှုဖြစ်ပွားခဲ့သည်။

ယင်းအပြင် ဖေဖော်ဝါရီ (၁၆) ရက်ကလည်း တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာတွင် ဦးမောင်မြင့်နိုင်၏နေအိမ်ကို ညအချိန် ဓားပြဝင်တိုက်ပြီး မိန်းကလေးငယ်တစ်ဦးကို ဓားနှင့်ထိုးကာ ရွှေ(၁၀)ကျပ်နှင့် ငွေသားများကို ယူဆောင်သွားမှုဖြစ်ပွားခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၁၅ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ရန်ခေါ်ရွာတွင် အမျိုးသားတစ်ဦးအား လူငယ်(၄)ဦးက ဓားနှင့်ထိုးကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့သေးသည်။

ယခုကဲ့သို့ နေ့စဉ်ဆိုသလို ကြုံတွေ့နေရသည့် ဖုန်းခိုးမှု၊ ဆိုင်ကယ်လုယက်မှုနှင့် ဓားပြတိုက်မှုများကြောင့် လုံခြုံစိတ်ချမှုမရှိဘဲ နေ့စဉ်စိုးရိမ်မှုဖြင့်သာ နေထိုင်နေရသည်ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

"အရင်က မရှိဘူးမဟုတ်ဘူး ရှိတယ်။ အခုလိုတော့ မဟုတ်ဘူးလေ။ အခုက ဟိုနေရာမှာကြားရ၊ ဒီနေရာမှာကြားရဖြစ်နေတယ်။ တချို့ဆိုရင် ခံလိုက်ရပေမယ့် မပြောကြတာတွေတောင်ရှိတယ်။ လူတွေမှာလည်း ကိုယ့်အိမ်မှာကိုနေပြီး မလုံခြုံဘူး။ အမြဲစိုးရိမ်နေရတယ်" ဟု ပြောသည်။

လက်ရှိကြုံတွေ့နေရသည့် ဒုစရိုက်မှုများကို စစ်ကောင်စီဘက်တာဝန်ရှိသူများနှင့် ULA မှတာဝန်ရှိသူများအား တိုင်ကြားထားမှုရှိသော်လည်း တစ်စုံတစ်ရာ ဖမ်းဆီးဖော်ထုတ်အရေးယူမှုများ မရှိသေးသလို ခိုးဆိုးလုယက်မှုများလည်း ရှိနေဆဲဟု ဒေသခံများက ပြောဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။ (NN-7)

(ဓာတ်ပုံ - ရွှေပန်းတောရွာမှ ဝါးတန်းကင်းဂိတ်အား တွေ့ရစဉ်)

ဆက်စပ် သတင်းများ