တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သံသယဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်ဖြူဒေသခံ ၂ ဦး၏အမှု တရားလိုမရောက်သည်မှာ ၁၀ ကြိမ်အထိရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.2k

(အမှုကို အမြန်စစ်ဆေးပေးရန် မိသားစုဝင်များ တောင်းဆို)

 

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၂/၂၀၂၃

 

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ မင်းတက်တောင်ကျေးရွာသား ၂ ဦး၏အမှုကို ယမန်နေ့ တွင် ရုံးထုတ်ခဲ့သော်လည်း ယခင်ရက်များကနည်းတူ တရားလိုရောက်မလာခဲ့ဟု သိရသည်။

 

ယနေ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ် ၂ နာရီခွဲခန့်က ကျောက်ဖြူမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသည့် မင်းတက်တောင်ကျေးရွာသား ဦးသိန်းတန်(၄၇)နှစ်နှင့် ဦးတင်အောင်(၅၀)နှစ် ဝန်းကျင်တို့ နှစ်ဦးကို ၁၀ ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်း တရားလိုရောက်မလာ၍ ရုံးချိန်းရက်ကို ထပ်မံရွေ့ဆိုင်း ခံလိုက်ရသည်ဟု သူတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

ဒီနေ့လည်း ဘာမှ မထူးဘူး။ ဝင်ပြီးတာနဲ့ ထွက်လာပြီ။ ဒီနေ့ ၁၀ ကြိမ်ပြည့်ပြီ။ ၂၈ ရက်နေ့ အင်္ဂလိပ်မှာ လကုန်နေ့ကို ထပ်ချိန်းလိုက်တယ်။ ဒီနေ့တော့ မိသားစုနဲ့တွေ့ပြီး စကားပြောခွင့်ရခဲ့တယ်ဟုပြောသည်။

 

သူတို့ ၂ ဦးကို လာမည့် ဖေဖော်ဝါရီ ၂၈ ရက်ကို ထပ်မံရုံးချိန်းလိုက်သည်ဟု သိရသည်။

 

ယခုကဲ့သို့ ရုံးချိန်း ၁၀ ကြိမ်အထိတိုင်အောင် တရားလိုရောက်မလာသည့်အတွက် ဖမ်းဆီးချုပ်နှောင် တရားစွဲဆိုခံထားရသည့် ဒေသခံအရပ်သား ၂ ဦးအဖို့ လွန်စွာ နစ်နာမှုများရှိနေသည်ဟု ဆိုသည်။

 

မိသားစုဝင်များအနေဖြင့်လည်း မင်းတက်တောင်ကျေးရွာမှ ကျောက်ဖြူမြို့ပေါ် တရားရုံးသို့ သွားလာရေးနှင့် စားဝတ်နေရေးတို့ပါ ခက်ခဲနေရသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

 

ရုံးချိန်းကိုလာဖို့အတွက် ဆိုင်ကယ်လိုင်စင်လို့ မလာရတာတစ်မျိုး။ သွားရလာရတာက အခက်အခဲတစ်မျိုး။ ကားမှာလည်း ကားလိုင်စင်မရှိရင် မသွားရဘူးလို့တစ်မျိုး။ အဒေါ်တို့မှာက အခက်အခဲမျိုးစုံ။ အကုန်လုံးခက်ခဲနေတယ်။ ထောင်ကို စားစရာပို့ဖို့ကအစ ငွေကြေးအခက်အခဲတွေ ဖြစ်နေတယ်။ သူတို့မှာလည်း အိမ်က လာပို့မှ အကောင်း စားရတာကိုး။ အိမ်ကလည်း နေ့တိုင်းမပို့နိုင်ဘူးဟုဆိုသည်။

 

ယခုကဲ့သို့ ရုံးချိန်းရက်များရွေ့ဆိုင်းနေသည့်အတွက် ဖမ်းဆီးခံရသူအဖို့ အချိန်များနစ်နာပြီး အမှုကို အမြန်ဆုံးပြီးမြောက်အောင် စစ်ဆေးပေးစေလိုသည်ဟုလည်း ဦးသိန်းတန်၏ ဇနီးဖြစ်သူက ဆိုသည်။

 

ကျမယောက်ျား AA လုပ်နေတာလည်းမဟုတ်ဘူး။ မတရားဖမ်းဆီးခံထားရတယ်လို့ ပြောချင်တယ်။ AA လုပ်နေတယ်ဆိုရင် ဒီနားမှာ ဘာလုပ်နေမလဲ။ ကျမယောက်ျားက လယ်လုပ်စားပါတယ်။ နွေရာသီဆိုရင် ကားမောင်းပါတယ်။ ရွာမှာဆို သူက ပရဟိတလုပ်တယ်။ သူအဖမ်းခံထားရတော့ အချိန်တွေလည်း နစ်နာတယ်။ အစစ အရာရာ နစ်နာတယ်။ ကျမတို့ တောင်းဆိုချင်တာက လွတ်ရင်လွတ်၊ မလွတ်ရင် ထောင်ချလိုက်။ အဲလိုမျိုး လိုချင်တယ်ဟုဆိုသည်။

 

ဦးတင်အောင်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်၊ ညနေ ၃ နာရီခန့်က သူစားဖိုမှူး လုပ်ကိုင်နေသည့် နတလကျောင်းမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဦးသိန်းတန်ကိုမူ ယင်းနေ့ ည ၉ နာရီခန့်က ကျောက်ဖြူအခြေစိုက် စစ်ကောင်စီ တပ်ရင်းမှ စစ်ကောင်စီတပ်သား အင်အား ၁၀ ကျော်ခန့်က သူ့နေအိမ်အတွင်းမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုများက ပြောသည်။

 

ထို့နောက် သူတို့နှစ်ဦးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ ရက်က ကျောက်ဖြူမြို့နယ်တရားရုံးတွင် ပုဒ်မ ၁၇(၁) ဖြင့် ချုပ်ရက်ရမန်ယူခဲ့ပြီး ယင်းနောက်ပိုင်းရုံးချိန်များကို တရားလိုများက လုံးဝရောက်လာခဲ့ခြင်းမရှိဘဲ ရုံးချိန်းရက်များကို ၁၀ ကြိမ်အထိတိုင်အောင် ရွေ့ဆိုင်းခံနေရခြင်းဖြစ်သည်။

 

သူတို့နှစ်ဦးကို လက်ရှိတွင် ကျောက်ဖြူအကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းထားပြီး ဦးသိန်းတန်မှာ ဖမ်းဆီးခံရသည့်အချိန်က ရိုက်နှက်စစ်ဆေးခံရသည့် ဒဏ်ကြောင့် နားလေးနေသည်ဟု သိရသည်။

 

သူတို့သည် အကျည်းထောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုများလည်း မရဖြစ်နေသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

 

ကျောက်ဖြူတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တကျော့ပြန်တိုက်ပွဲပြင်းထန်ခဲ့သည့် ကာလအတွင်း စစ်ကောင်စီတပ်က ဒေသခံ ၃၀ ဦးထက်မနည်းကို ဖမ်းဆီးထားပြီး ဖမ်းဆီးခံရသည့်အထဲတွင် အစိုးရဝန်ထမ်းများလည်း ပါဝင်နေသည်။ (NN-3)

ဆက်စပ် သတင်းများ