တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ANP ပါတီပြန်လည်မှတ်ပုံတင်ရေး/မတင်ရေး ဖေဖော်ဝါရီ ၂၈ ရက်နေ့ကို နောက်ဆုံးထားအကြောင်းပြန်ရန် မြို့နယ်၊ ဗဟိုအဆင့်ကော်မတီများသို့ အကြောင်းကြားထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.6k

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတစ်စုံတစ်ရာမရှိသေးဟု ပါတီဥက္ကဋ္ဌပြော 

 

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/၂၀၂၃

 

ရခိုင်ပြည်နယ်မှ အင်အားကြီး အမျိုးသားနိုင်ငံရေး ပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP ) သည် စစ်ကောင်စီကအသစ်ထုတ်ပြန်လာသည့်  ပါတီပြန်လည်မှတ်ပုံတင်ရေးနှင့်ပတ်သက်ပြီး ပါတီမှတ်ပုံ တင်/ မတင်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့အား နောက်ဆုံးထားပြီး  မြို့နယ်၊ ဗဟိုအဆင့်ကော်မတီများ၏ သဘောထားများကို အကြောင်းပြန်ပေးရန် ညွှန်ကြားထားသည်ဟု သတင်းရရှိသည်။

 

စစ်ကောင်စီ၏ပါတီမှတ်ပုံတင်ခြင်းဥပဒေနှင့်ပတ်သက်၍ မြို့နယ်များ အတွင်းရှိ မြို့နယ် အလုပ်အမှုဆောင် နှင့် မြို့နယ်ကော်မတီဝင်များအနေနှင့် မိမိ၏ သဘောထား မှတ်ချက်များအား ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် နောက်ဆုံးထား ပေးပို့ကြရန်  မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်များ၊ မြို့နယ်ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် ပါတီကော်မတီဝင်များထံ ANP ပါတီဌာနချုပ်မှ စာပေးပို့ တောင်းဆိုထားကြောင်း သိရသည်။

 

ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက "မှတ်ပုံတင်ဖို့အတွက် ANP ပါတီမှာ အစည်းအဝေးလုပ်တာမရှိသေးဘူး။ လုပ်ဖို့စဉ်းစားနေတာပဲ ရှိတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတစ်ခုမှ လုပ်တာ မရှိသေးဘူး။ လောလောဆယ် ပါတီပြန်ပြီး မှတ်ပုံတင်/ မတင်ကိစ္စပဲ ဖြစ်တယ်။ မှတ်ပုံတင်/ မတင်ကိစ္စကို အစည်းအဝေးတစ်ခုလုပ်ဖို့စဉ်းစားနေတုန်းပဲ ရှိသေးတယ်" ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

 

အဆိုပါ ပါတီ မှတ်ပုံတင်ရေးကိစ္စနှင့်ပတ်သက်၍ မြို့နယ်ကော်မတီဝင်များ၏သဘောထားများကို မြို့နယ်အလိုက်ဆွေးနွေးလျှက်ရှိကာ တချို့မြို့နယ်များ၏သဘောထားကို ပေးပို့ထားပြီဖြစ်ကြောင်း   ကျောက်ဖြူမြို့နယ် (ANP)ပါတီဥက္ကဋ္ဌ ဦးဖိုးစံက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

 

"ကျောင်ဖြူ၊ ရမ်းဗြဲမြို့တွေမှာ အစည်းအဝေးလုပ်တယ်။ မြို့နယ်ကော်မတီနဲ့ အလုပ်အမှုဆောင် ကော်မတီဝင်တွေရဲ့ သဘောထားကတော့ ပါတီကို ပြန်ပြီးမှတ်ပုံတင်ရမယ် ။ ပါတီမရှိရင် ကျနော်တို့ဟာ ဘာမှပြောရေး ဆိုခွင့်မရှိဘူးဖြစ်သွားမယ်။ ပါတီသည် မြို့နယ်(၈)ခုမှာ တရားဝင် မြေနေရာတွေရရှိထားတဲ့ ပါတီဖြစ်နေတယ်။ တကယ်လို့ ပါတီသာမရှိတော့ဘူးဆိုရင် အစိုးရက အဲ့ဒီမြေတွေကို ပြန်သိမ်းမယ်ဆိုရင် ကျနော်တို့ရဲ့ ရုံးတွေပါ အားလုံးပါသွားမယ်။ ဒါကြောင့် ပါတီကို ပြန်ပြီး မှတ်ပုံတင်ဖို့ဆွေးနွေးထားတာကို တွေ့ရပါတယ်"ဟု ၎င်းက ပြောသည်။

 

သို့သော် မြို့နယ်အများစု၏ ကော်မတီဝင်များ သဘောထားကောက်ခံချက်အပေါ် အခြေခံပြီး နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်/မတည်ကို ဆုံးဖြတ်သွားမည်ဟု သူက ဆိုသည်။ 

 

" ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်လို့ကတော့ ဗဟိုဌာနချုပ်ကသိရသလောက် ရွေးကောက်ပွဲဥပဒေ ကော်မရှင်ကထွက်လာဖို့ရှိပါတယ်။ ကော်မရှင်က ဥပဒေတွေနဲ့ ရက်အတိအကျထွက်လာမှ ပါတီ ဗဟိုကော်မတီအစည်းအဝေးတစ်ရပ်လုပ်မယ်။ ထွက်လာတဲ့ဥပဒေဟာ ပြည်သူအတွက်ရော ပါတီအတွက်ရောကောင်းမယ်ဆိုရင် ရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်ကြမယ်။ တကယ်လို့ ထွက်လာတဲ့ ဥပဒေဟာ ပြည်သူအတွက်လည်းအကျိုးမရှိ၊ ပါတီအတွက်လည်း အကျိုးမရှိဘူးဆိုရင် ကျနော်တို့က အစည်းအဝေးကို မလုပ်တော့ဘူး။ တကယ်လို့ ပါတီက တစ်နေရာမဝင်ရင် ဖျက်သိမ်းခံရမယ် ဆိုရင်တော့ မြို့နယ်တစ်မြို့နယ်ကတစ်နေရာတော့ ဝင်ပြိုင်မယ်ဆိုပြီး နတ်သဘော ပြောဆိုထားကြတာတော့ရှိပါတယ်"ဟု ဦးဖိုးစံက ဆက်ပြောသည်။ 

 

သံတွဲ၊ ဂွ နှင့် တောင်ကုတ် မြို့နယ်တို့တွင်လည်း ပြန်လည်မှတ်ပုံတင်ရန် ANP ဗဟိုဌာနချုပ်ကို စာပေးပို့ပြီးဟု သိရှိရကြောင်း ဦးဖိုးစံက ဆက်ပြောသည်။

 

မြို့နယ်ကော်မတီဝင်များ၏ သဘောထားကောက်ခံမှုနှင့်ပတ်သက်၍ ပါတီဥက္ကဌ ဦးသာထွန်းလှအား မေးမြန်းခဲ့ရာ အဆိုပါ ကိစ္စမှာ ပါတီတွင်းကိစ္စသာဖြစ်၍ မီဒီယာကို မဖြေကြားနိုင်သေးကြောင်း ပြောသည်။

 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်နဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကို ဇန်နဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပြီး နောက် ဥပဒေသစ်အရ ပါတီမှတ်ပုံတင်လျှောက်ထားရန် ကော်မရှင်က ဖိတ်ခေါ်ခဲ့ပါတယ်။ 

 

ဥပဒေအသစ်အရ ပြည်ထောင်စု တဝန်းလုံးမှာစည်းရုံးမည့်ပါတီနှင့် တိုင်းဒေသကြီး (ု့မဟုတ်) ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်မည့်ပါတီဆိုပြီး နှစ်မျိုးသတ်မှတ်ထားကာ ပြည်ထောင်စုတဝန်းလုံးမှာစည်းရုံးမည့်ပါတီများအနေနှင့် ကော်မရှင်ကနိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုပြီးနောက် ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်လူတစ်သိန်းစည်းရုံးရမယ်ဖြစ်ပြီး တိုင်းဒေသ ကြီးသို့မဟုတ်ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်မည့် ပါတီများအနေနှင့် ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံးတစ်ထောင် စုစည်းရမယ်ဟုဆိုသည်။

 

ပြည်ထောင်စုတဝန်းလုံးမှာစည်းရုံးမည့်ပါတီများမှာ ပါတီရန်ပုံငွေကျပ်သိန်းတစ်ထောင်ကို မြန်မာ့စီးပွားရေး ဘဏ်တွင် ွေစာရင်းဖွင့်ရမည်ဖြစ်ပြီး နိုင်ငံ၏တစ်ဝက် (၁၆၅) မြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

 

တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်မည့်ပါတီများအနေနှင့် ငွေကျပ်သိန်းတစ်ရာ ဖွင့်ရမည်ဖြစ်ပြီး အနည်းဆုံးရွေးကောက်ပွဲတစ်နေရာဝင်ပြိုင်ရမည်ဟု သိရသည်။ 

 

ယင်းအပြင် ဇန်နဝါရီ ၃၁ ရက်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲကော်မရှင်ထံ ပါတီ မှတ်ပုံတင်ခြင်း မရှိသည့်ပါတီများကို နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ် သွားမည်ဟုလည်း စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ 

 

လက်ရှိမှာ ဥပဒေသစ်အရ မှတ်ပုံတင်ရန် အချိန် ၂လပေးထားသော်လည်း ပါတီ ၉ဝကျော်တွင် ပါတီ ၄ခုသာ မှတ်ပုံတင်နိုင်သေးပြီး ရခိုင်မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းမရှိသေးကြောင်း သိရသည်။ 

 

ရခိုင်မှ ရခိုင်အမျိုးသားပါတီ(ANP) အပါအဝင် ပါတီကြီး (၃)ခုတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) အနေဖြင့် စစ်ကောင်စီ၏အာဏာကို ဆက်လက်ထိန်းသိမ်းရန်လုပ်ဆောင်သည့်ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပြောဆိုထားပြီး ရခိုင့်ဦးဆောင်ပါတီ(AFP)က ရွေးကောက်ပွဲသည် နိုင်ငံရေးအကျပ်အတည်းထွက်ပေါက်ဖြစ်၍ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြောဆိုထားသည်။(NN-7)

ဆက်စပ် သတင်းများ