တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးတွင် ဖမ်းဆီးခံထားရသည့် သတင်းထောက်ဟောင်း ကိုဖိုးသီဟအမှုကို စစ်တွေမှ တရားသူကြီးကလာရောက်စစ်ဆေးနေ၍ ကြန့်ကြာမှုများရှိနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.5k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/ ၂၀၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် သတင်းထောက်ဟောင်း ကိုဖိုးသီဟအမှုတွင် မြောက်ဦးမြို့နယ်တရားသူကြီးက ခွင့်ယူထား၍ စစ်တွေမှတရားသူကြီးက သွားရောက်စစ်ဆေးနေရပြီး နယ်ဝေးမှ လာစစ်နေရ၍ အမှုမှာကြန့်ကြာနေသည်ဟု ဇနီးဖြစ်သူက နိရဥ္စရာသတင်းဌာနကို ပြောသည်။

"လက်ရှိအမှုအခြေအနေကတော့ ရုံးထုတ်နေတုန်းပဲ။ တရားလိုသက်သေနဲ့ တစ်ရက်ပြီးတစ်ရက် ရုံးထုတ်စစ်ဆေးတယ်။ မြောက်ဦးက တရားသူကြီးက မွေးဖွားခွင့်ယူထားတော့ စစ်တွေက တရားသူကြီးလာတယ်။ စစ်တွေကနေလာရတဲ့ ခရီးကဝေးတော့ အမှုစစ်တဲ့နေရာမှာ ကြန့်ကြာနေတယ်" ဟု ပြောသည်။

မြောက်ဦးမြို့နယ်တရားသူကြီး မွေးဖွားခွင့် မယူမီ ကိုဖိုးသီဟ၏အမှုကို တစ်ပတ်တစ်ကြိမ် အပတ်စဉ်ကြာသပတေးနေ့တိုင်း ရုံးထုတ်စစ်ဆေးခဲ့သော်လည်း မွေးဖွားခွင့်ယူသွားပြီးနောက် ယင်းအမှုကို စစ်တွေမှတရားသူကြီးက လာရောက်စစ်ဆေးနေသည်ဟု ဆိုသည်။

ယင်းသို့ စစ်တွေမှ လာရောက်စစ်ဆေးရာ သွားလာရသည့်ခရီးဝေးလွန်းသည့်အတွက် တစ်ပတ်တစ်ကြိမ် အပတ်စဉ်ကြာသပတေးနေ့တိုင်းရုံးထုတ်ရာမှ လက်ရှိတွင် နှစ်ပတ်တစ်ကြိမ်ရုံးထုတ်နေရသည်ဟု ကိုဖိုးသီဟ၏ ဇနီးက ဆက်ပြောသည်။

"ရုံးထုတ်ရင်လည်း တရာလိုသက်သေဆိုပြီး အများကြီးပဲ။ တစ်ယောက်ချင်းစီစစ်ဆေးတယ်။ ကိုဖိုးသီဟကတော့ အမှုအခြေအနေမြန်မြန်ပြတ်စေချင်လို့ တရားလိုတွေကို လျှော့ချပေးဖို့ တောင်းဆိုတယ်။ သူတို့ကတော့ လိုက်လျောပေးတာတော့ရှိတယ်" ဟု ပြောသည်။

သူ့ကို လာမည့် မတ်လ ၂ ရက်ကို ထမ်မံရုံးချိန်းထားသော်လည်း ယင်းနေ့သည် တောင်သူလယ်သမားနေ့ဖြစ်၍ ရုံးထုတ်၊ မထုတ် မသိရသေးဟု မိသားစုဝင်များက ပြောသည်။

ကိုဖိုးသီဟ ဇနီးက "ရုံးထုတ်တဲ့အချိန်တွေမှာတော့ တွေ့ခွင့်ရပါတယ်။ ကျန်းမာရေးအခြေအနေကလည်း ကောင်းတယ်။ ကျန်းကျန်းမာမာပဲ" ဟု ပြောသည်။

သတင်းထောက်ဟောင်း ကိုဖိုးသီဟမှာ မြောက်ဦးမြို့၊ လက်ကောက်စျေးရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်၊ နေ့လယ် ၁နာရီခန့်၌ စစ်ကောင်စီတပ်သားများက နေအိမ်သို့လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

ယင်းနောက် သူ့ကို မြောက်ဦးရှိ ၃၇၇ တပ်ထဲတွင် ဖမ်းဆီးချုပ်နှောင်စစ်ဆေးခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်က မြောက်ဦးမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅(က)ဖြင့် စွဲချက်တင်လိုက်ခြင်းဖြစ်သည်။

ကိုဖိုးသီဟသည် ယခင်က  DVB အပါအဝင်  ပြည်တွင်း၊ ပြည်ပသတင်းဌာနအချို့တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် သတင်းမီဒီယာလောကမှ ထွက်ကာ ကလေးကစားစရာအရုပ်ဆိုင်ရောင်းချနေသူဖြစ်သည်။

သို့သော် သူ၏လူမှုကွန်ရက်စာမျက်နှာတွင် စစ်ရေး၊ နိုင်ငံရေးအကြောင်းအရာများကို အလျဉ်းသင့်သလို မျှဝေလေ့ရှိပြီး ယင်းအပေါ် စစ်တပ်က မကျေနပ်ဖြစ်ကာ ဖမ်းဆီးခြင်းဖြစ်သည်ဟုလည်း သူနှင့်နီးစပ်သူများက ပြောသည်။ (NN - 12)

 

--

 

ဆက်စပ် သတင်းများ