တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မသန့်ရှင်းသည့်သောက်သုံးရေများကြောင့် ပုဏ္ဏားကျွန်းတွင် စစ်ဘေးရှောင်များ ဝမ်းပျက်ဝမ်းလျှောဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၅ / ၂၀၂၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ရေရှားပါးပြီး မသန့်ရှင်းသည့်သောက်သုံးရေကြောင့် စစ်ရှောင်များနှင့် ကလေးငယ်များမှာ ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

မသန့်ရှင်းသည့်သောက်သုံးရေများကိုသောက်သုံးရ၍ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသည့် စစ်ဘေးရှောင်စခန်းများမှာ အထက်မြတ်လှဲစခန်းနှင့် အနီးရှိ ကံသစ်စခန်းတို့ဖြစ်သည်။

အထက်မြတ်လှဲစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်လှထွန်းက "ကလေးတွေက အော့အန်ပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာတွေရှိပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်လောက်ကလည်း ကလေး ၆ ယောက်လောက် ဆေးခန်းသွားပြရတယ်" ဟု နိရဥ္စရာ ပြောသည်။

အဆိုပါစခန်းရှိ စစ်ရှောင်များမှာ သောက်သုံးရေကို ယခင်က အထက်မြတ်လှဲကျေးရွာရှိရေကန်မှ ခပ်ယူသုံးစွဲခဲ့ကြသော်လည်း လက်ရှိတွင် ရေကန်မှာခမ်းခြောက်လာပြီး ရွာသားများအတွက် မလောက်ငဖြစ်လာ၍ ကျေးရွာသားများကအသုံးပြုခွင့်မပေးတော့ကြောင်း သူက ပြောသည်။

ယင်းသို့ သောက်သုံးရေအခက်ခဲကြုံရ၍ စစ်ရှောင်များမှာ စခန်းအနီးရှိ အထက်မြတ်လှဲချောင်းမှ ရေကိုခပ်ယူသုံးစွဲနေရပြီး မသန့်ရှင်းသည့်ရေကြောင့် ပြီးခဲ့သည့် ဇန်နဝါရီအစောပိုင်းမှစတင်ကာ ဝမ်းပျက်ဝမ်းလျှောရောဂါများ စတင်ဖြစ်ပွားလာခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ယင်းအထဲတွင် အသက် ၅ နှစ်အောက်ကလေးငယ်များမှာ အဖြစ်ပိုများနေကြောင်း ဆိုကြသည်။

အထက်မြတ်လှဲစစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက "အရင်ရက်တွေတုန်းက ကလေးတွေမှာ အဖုတွေပေါက်တာတွေလည်း ဖြစ်ပါတယ်" ဟု ပြောသည်။

အထက်မြတ်လှဲ စစ်ရှောင်စခန်းသည် ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်းရင်းသားများနေထိုင်သည့် စခန်းတစ်ခုဖြစ်ပြီး စစ်ရှောင်ဦးရေ ၆၀၀ ရှိသည့်စခန်းလည်းဖြစ်သည်။

ယင်းစစ်ရှောင်စခန်းတွင် ၊ ခမောင်း၊ ကင်ပိ၊ တဲဝ ၊ အဝပြင်၊ မီးကျောင်းထိုး၊ ကံပြင်ကျေးရွာများနှင့် အနီးအနားကျေးရွာများမှ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်နေကြောင်း စခန်းတာဝန်ခံက ပြောသည်။

အဆိုပါစခန်းအနီးရှိသည့် ကံသစ်စစ်ရှောင်စခန်းတွင်လည်း စစ်ရှောင်ကလေးငယ်များမှာ သောက်သုံးရေမသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြောင်း ယင်းစခန်းမှ ဦးမောင်ကျော်စံက ပြောသည်။

"ကျွန်တော်တို့စခန်းမှာလည်း ကလေးတချို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ဆေးခန်းပြရတာတွေရှိပါတယ်" ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဝင်းက ရေရှားပါးသည့်ကျေးရွာဒေသများအနေဖြင့် ဆိုင်ရာမြို့နယ်မှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးထံသို့ တင်ပြမှုများပြုလုပ်ကြရန် ပြောဆိုသည်။

"နွေရာသီရေရှားပါးရင် ဆိုင်ရာမြို့နယ်ကျေးလက်ဒေသရုံးတွေရှိပါတယ်။ အဲဒီ ဆိုင်ရာမြို့နယ်ကျေးလက်ဒေသရုံးတွေကိုသွားပြီး ကျွန်တော်ရွာမှာ ရေရှားပါးပါတယ်။ ဒီဟာတွေကိုသူတို့ကို သွားပြီးသတင်းပို့ပြီးရင် သူတို့ဖက်က လုပ်မယ့်အရာတွေကို ပြောပါလိမ့်မယ်။ ဥပမာ ရေတအားရှားပါးတယ်ဆိုရင် သူတို့လုပ်ပေးပါလိမ့်မယ်" ဟု ပြောသည်။

ရခိုင်ဒေသသည် မိုးများသောဒေသဖြစ်သော်လည်း နှစ်စဉ်နွေရာသီကျရောက်လာတိုင်း သောက်သုံးရေ ရှားပါးမှုကို ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။


မြစ်ချောင်းအင်းအိုင်များမှ မသန့်ရှင်းသည့်ရေများကို သောက်သုံးနေရသည့်အတွက်လည်း ယခုကဲ့သို့ ဝမ်းရောဂါများဖြစ်ပွားကာ အချို့ကလေးများဆိုလျှင် သေဆုံးသည်အထိရှိတတ်သည်ဟုလည်း ဒေသခံများက ပြောသည်။ (NN-23)

ဆက်စပ် သတင်းများ