တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် စစ်ဘေးရှောင်ဦးရေ ၅၀၀ ကျော်ကို စစ်ကောင်စီက နေရပ်ပြန်ပို့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 947

ရပ်ရွာအနီး မိုင်းရှင်းလင်းပေးမည်ဟု ဝန်ကြီးချုပ်နှင့်အဖွဲ့ ကတိပေးခဲ့ဟုဆို

နိရဥ္စရာ၊ မတ် ၃/၂၀၂၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်ဦးရေ ၅၃၂ ဦးကို စစ်ကောင်က ယနေ့နံနက် ၈ နာရီတွင် နေရပ်ပြန်ပို့နေပြီး စစ်ဘေးရှောင်များတောင်းဆို၍ ၄င်းတို့၏ရပ်ရွာအနီး မိုင်းရှင်းလင်းပေးမည်ဟု ဝန်ကြီးချုပ်နှင့်အဖွဲ့က ကတိပြုပြောဆိုခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်စစ်ဘေးရှောင်စခန်းမှ အိမ်ထောင်စု ၁၄၀ ကိ ယနေ့ မတ်လ ၃ ရက်၊ နံနက်ကနေရပ်ပြန်လည် ပို့ဆောင်ခဲ့ပြီး တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၆ သိန်းနှင့် ဆန်တစ်လစာ ထောက်ပံ့ပေးခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

စစ်ဘေးရှောင်စခန်းနေပြည်သူများသည် စခန်းတွင်နေထိုင်ရစဉ် လစဉ်ထောက်ပံ့ပေးသည့် အဖွဲ့အစည်းများလည်းမရှိသည့်အပြင် ယခင်စစ်ကောင်စီက လစဉ်ထောက်ပံ့သည့် ဆန်ရိက္ခာမှာလည်း မရရှိတော့သည်မှာကြာပြီဖြစ်သဖြင့် စားဝတ်နေရေးအကျပ်အတည်းဖြစ်နေခဲ့ကြသည်ဟု ဆိုသည်။

စခန်းပြင်ပတွင် အလုပ်ထွက်လုပ်သော်လည်း အလုပ်အကိုင်အဆင်မပြေ၍ စခန်းတွင် စားဝတ်နေရေးအကျပ်အတည်းဖြစ်နေသဖြင်နေရပ်သို့ပြန်ရန်လက်ခံခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်စခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

" အခုအချိန်ထိ မိုင်းရှင်းလင်းပေးမှုမရှိသေးဘူး။ ပျက်စီးသွားတဲ့ နေအိမ်တွေကိုလည်း ပြန်လည် ဆောက်ပေးထားခြင်း မရှိသေးဘူး။ ဒါပေမယ့် စခန်းမှာနေရတဲ့အခါ ရိက္ခာပေးတာနဲ့လည်းမဖူလုံဘူး။ ကိုယ့်ဖာသာရှာစားကြရတယ်။ အဲဒါလည်း အဆင်မပြေတော့ မထူးတော့ဘူးဆိုပြီး နေရပ်ပြန်ကြတာပါ" ဟုပြောသည်။

နေရပ်ပြန်သည့်စစ်ဘေးရှောင်များကို စစ်ကောင်စီမှ လူစီးကားများဖြင့်လိုက်ပို့ပေးကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ထို့အပြင် ယနေ့နံနက် ၈ နာရီခန့်က အဆိုပါရေဖြူကန်စစ်ဘေးရှောင်စခန်းသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ လာရောက်ကြစဉ် စစ်ဘေးရှောင်များက မိုင်းရှင်းလင်းပေးရန်တောင်းဆိုမှုများရှိခဲ့ပြီး မိုင်းရှင်းလင်းစေလိုပါက ရှင်းလင်းပေးမည်ဟု ဝန်ကြီးများက ပြောကြားခဲ့ပြီး မည်သည့်အချိန်တွင်ရှင်းလင်းပေးမည်ကို မပြောကြားခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ထို့အတူ စစ်ဘေးရှောင်များ၏နေရပ်တွင် နေအိမ်ပျက်စီးနေမှုများလည်းရှိသဖြင့် စစ်ကောင်စီကပေးသည့် ငွေ ၆ သိန်းနှင့် လုံလောက်မှုမရှိ၍ နေအိမ်ပြန်ဆောက်နိုင်ရန် အကူအညီတောင်းဆိုခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ယခုနေရပ်ပြန်သည့် ရေဖြူကန်စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များသည် ပုဏ္ဏားကျွန်းမြို့နယ် သာစည်၊ ကျောက်ဆိပ်၊ ပန္နဲတော၊ ဒိုးတန်းကျေးရွာနှင့် ပလက်ဝမြို့နယ် နှမဒါကျေးရွာတို့မှဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့များရှိ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်ကာ စစ်ဘေးရှောင်များအား မိုးမကျမီ နေရပ်သို့ပြန်ကြရန် ဖိအားပေးပြောဆိုခဲ့ကြသည်။

ယင်းနောက် ဖေဖော်ဝါရီလထဲမှာပင် မင်းပြားမြို့နယ်မှ စစ်ဘေးရှောင်အချို့ ၄င်းတို့၏ရပ်ရွာအနီး စစ်ကောင်စီက မိုင်းရှင်းလင်းပေးမှုမရှိသော်လည်း နေရပ်ပြန်သွားကြသည်ဟု သိရသည်။

 

ဓာတ်ပုံ - မတ်လ ၃ ရက် နံနက်က နေရပ်ပြန်နေကြသည့် ပုဏ္ဏားကျွန်း ရေဖြူကန်စစ်ဘေးရှောင်များ။

ဆက်စပ် သတင်းများ