တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင် ကျင်းပသည့်ရခိုင်ရိုးရာသျှစ်သောင်းမြှောက်ပွဲ(ခေါ်) သဲပုံစေတီပွဲ လူပေါင်းထောင်နှင့်ချီပါဝင်ဆင်နွှဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 8k

နိရဥ္စရာ၊ မတ် ၅ / ၂၀၂၃

ရခိုင်ပြည်နယ်မြို့တော် စ်တွေကမ်းခြေတွင် ယနေ့ပြုလုပ်ကျင်းပခဲ့သည့် ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲ(ခေါ်) သဲပုံစေတီပွဲကို လူပေါင်းထောင်နှင့်ချီပါဝင်ဆင်နွှဲခဲ့ကြသည်။

အဆိုပါပွဲကို ယနေ့ မတ်လ ၅ ရက်(တပေါင်းလပြည့်နေ့)၊ နေ့လယ်ပိုင်းမှစတင်ကာ ညနေပိုင်းအထိ သာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲတွင်ပါဝင်ဆင်နွှဲသူများက မြောက်ဦးဘုရားများဖြစ်သည့် သျှစ်သောင်းပုထိုးတော်၊ အံတော်သိမ်၊ ထုက္ကန်သိမ်ပုထိုးတော်များအပါအဝင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ထိုင်တော်မူ ရုပ်ပွားတော်များကို သဲများဖြင့် ဖန်တီးထုဆစ်ပုံဖော်ခဲ့ကြပြီး ဆီမီး၊ တံခွန်၊ ကုက္ကားများကိုလည်း ကပ်လှူပူဇော်ခဲ့ကြသည်။

အဆိုပါပွဲကို ရခိုင်ဘုရင်များလက်ထက်ကပင် အထွတ်အမြတ်ထားထိန်းသိမ်းကျင်း လာခဲ့ခြင်းဖြစ်သည်ဟုလည်း ပွဲဦးဆောင်ကျင်းပသည့် သာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇံမောင်က နိရဥ္စရာကို ပြောဆိုထားသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်အား ရည်ရွယ်၍ ကျင်းပသကဲ့သို့ သဲများဖြင့်ဖန်တီးပုံဖော်ထားသည့် ဗုဒ္ဓဘုရားရှင်၏ရုပ်ပွားတော်များ၊ သံစေတီများသည် ဒီရေတက်ချိန်တွင် ရေလှိုင်းတိုက်စားမှုကြောင့် ပြိုပျက်ပျောက်ကွယ်သွားတတ်သည့်အတွက် အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုသည့် မမြဲသောတရားကို ဆင်ခြင်မိရန်ရည်ရွယ် ကျင်းပခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ရခိုင်တွင် တိမ်မြုပ်ပျောက်ကွယ်နေသည့် အဆိုပါပွဲကို စစ်တွေကမ်းခြေတွင် ပြီးခဲ့သည့် ၂ဝဝ၅ ခုနှစ်က ပြန်လည်ဖော်ထုတ်ကျင်းပခဲ့သည်။

ယခုနောက်ပိုင်းတွင် စစ်တွေအပါအဝင် သံတွဲမြို့၊ ငပလီကမ်းခြေနှင့် မောင်တောမြို့နယ်တို့တွင်လည်း အဆိုပါပွဲကို ကျင်းပလာနေကြပြီဟု ဒေသခံများက ပြောသည်။ (NN-7)

ဆက်စပ် သတင်းများ