တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် တေဘာကားနှင့်တိုက်မိရာမှ ခရီးသည်တင်ကားတိမ်းမှောက်ပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

နိရဥ္စရာ၊ မတ် ၉/ ၂၀၂၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် တေဘာကားနှင့်တိုက်မိရာမှ  ခရီးသည်တင် ကြံတိုင်းအောင် ကားတိမ်းမှောက်ပြီး  ခရီးသည်အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

၎င်းကားတိုက်မှုသည် ယနေ့ မတ်လ ၉ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယာချောင်းကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယာချောင်းရွာသားတစ်ဦးက  "ကားလမ်းအောက်မှာ သဲဖို့နေတဲ့ တေဘာကားတွေရှိတယ်။ အဲ့ဒါ သဲတင်လာတဲ့ တေဘာကားကမီးမပြဘဲ လမ်းကွေ့လိုက်တာ။ အဲ့ဒါ ခရီးသည်တင် ကြံတိုင်းအောင်ကားက တေဘာကား နောက်ပိုင်းကို ဝင်တိုက်မိပြီး ကားလမ်းဘေးကို ထိုးကျပြီး တိမ်းမှောက်သွားတာပါ။ မှားတာကတော့ တေဘာကားမောင်းတဲ့သူ မှားတာလို့ ယူဆလို့ရတယ်" ဟု နိရဥ္စရာကိုပြောသည်။

အဆိုပါကားတိမ်းမှောက်မှုကြောင့် ကြံတိုင်းအောင်ခရီးသည်တင်ကားတွင်လိုက်ပါလာသည့်ရသေ့တောင်မြို့နယ်နှင့် စစ်တွေမြို့နယ်မှ အမျိုးသမီး ၂ ဦး၏ခါးတွင်ထိဒဏ်ရာရရှိသွားသော်လည်း မစိုးရိမ်ရဟု သွားရောက်ကူညီခဲ့သည့်ပုဏ္ဏားကျွန်းမြို့ပေါ်မှ လူမူကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးကနိရဥ္စရာကိုပြောသည်။

"သွေးထွက်သံယို ဒဏ်ရာရတဲ့ သူတစ်ယောက်မှမရှိဘူး။ ခါးထိသွားတဲ့အမျိုးသမီး ၂ ယောက်ကိုတော့ ပုဏ္ဏားကျွန်း ဆေးရုံမှာပြပြီး ကားမှောက်တဲ့နေရာကို ကျွန်တော်တို့ပြန်ပို့ပေးလိုက်တယ်။ နောက်ကပါလာတဲ့ ကားတစ်စီးနဲ့ ခရီးသည်အားလုံးကိုတင်ပေးလိုက်တယ်" ဟု ပြောသည်။

အဆိုပါခရီးသည်တင် ကြံတိုင်းအောင်ကားသည် ခရီးသည် ၁၀ ဦးကျော်ဖြင့် ရန်ကုန်မှ စစ်တွေသို့ ထွက်ခွာလာခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ၂ ဦးကို သက်ဆိုင်ရာက အရေးယူရန်စီစဉ်လျက်ရှိသည်ဟု သိရသည်။ (NN-12)

ဆက်စပ် သတင်းများ