တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ကျောက်တော်တွင် ဆရာတော် ၂ ပါးမောင်းလာသည့်ကားတိမ်းမှောက်၍ ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 765

(၁ ပါး ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရ)

နိရဥ္စရာ၊ မေ ၄/၂၀၂၃

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ မဟာမုနိဘုရားအနီးတွင် ဆရာတော် ၂ ပါး မောင်းနှင်လာသည့်ကား တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ၁ ပါးမှာ ဒဏ်ရာပြင်းထန်ပြီး ယနေ့ ညနေပိုင်းထိ သတိပြန်မရသေးသဖြင့် စိုးရိမ်ရသည်ဟု သိရသည်။

ကျောက်တော်မြို့နယ်၊ ညောင်ချောင်းကျေးရွာဆရာတော်လည်းဖြစ်၊ ရန်ကုန်မြို့ အလုံမြို့နယ်တွင် ကျောင်းထိုင်နေသည့် ဆရာတော် ဦးအာစိဏ္ဏ (၃၇ နှစ်)နှင့် တပည့်ဖြစ်သူ ဦးသုမန (၂၉ နှစ်)တို့သည် ယမန်နေ့ မေလ ၃ ရက်တွင် ရန်ကုန်မှ ကျောက်တော်သို့ပြန်လာစဉ် ညနေ ၃ နာရီခွဲခန့်၌ မဟာမုနိဘုရား အနီးအရောက် ကားဘီးပေါက်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သွားရောက် ကူညီပေးခဲ့သူများက ပြောသည်။

ကျောက်တော်ရှိ ဖြူစင်မေတ္တာပရဟိတအသင်းဥက္ကဋ္ဌ ဦးညီဘုက "ကားက ဘီးပေါက်ပြီး မြောင်းထဲဆင်းသွားတာ။ လူမပါဘူး။ ဆရာတော်နှစ်ပါးပဲ ပါတယ်"ဟု နိရဥ္စရာကို ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ဆရာတော် ဦးအာစိဏ္ဏတွင် ဦးခေါင်း၌ ဒဏ်ရာအပြင်းအထန်ရရှိပြီး ယနေ့ မေလ ၄ ရက်၊ ညနေပိုင်းအထိ သတိပြန်မလည်သေးသည့်အတွက် အခြေအနေစိုးရိမ်ရသည်ဟု ဆိုသည်။

ဦးအာစိဏ္ဏ၏ အခြေအနေစိုးရိမ်ရ၍ ယမန်နေ့ ည ၇ နာရီခန့်ကတည်းက စစ်တွေဆေးရုံသို့ ပို့ဆောင်ကုသထားရသည်ဟုလည်း သိရသည်။

ဦးသုမနတွင် လက်ကျိုးသွားပြီး ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။ (NN-7)

(ဓာတ်ပုံ - ဖြူစင်မေတ္တာပရဟိတအသင်း)

ဆက်စပ် သတင်းများ