တနင်္လာ၊ အောက်တိုဘာလ ၂၁ရက်၊ ၂၀၂၄

ရခိုင်ကလေးငယ်များအတွက် ရည်ရွယ်၍ "အမင့်ရင်သွီး" အချေရုပ်စုံစာစောင်ထုတ်ဝေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 6k

နိရဥ္စရာ မတ် ၁၅ / ၂၀၂၃

 

ရခိုင်ကလေးငယ်များ အထွေထွေဗဟုသုတရရှိနိုင်ရန်ရည်ရွယ်၍ "အမင့်ရင်သွီး" (အချေရုပ်စုံစာစောင်) ကလေးရုပ်စုံစာစောင်ကို စတင်ထုတ်ဝေလိုက်ပြီး မတ်လ ၁၈ ရက်နေ့တွင် စတင်ဖြန့်ချိမည်ဟု သိရသည်။

 

ရခိုင်တွင် ကလေးသူငယ်များဖတ်ရှုလေ့လာနိုင်ရန် ကလေးရုပ်စုံစာစောင်များ ထုတ်ဝေမှု မရှိသလောက်နည်းပါးလွန်း၍ ရခိုင်ကလေးငယ်များအထွေထွေ ဗဟုသုတရရှိရန် စီစဥ်ထုတ်ဝေခြင်း ဖြစ်ကြောင်း "  အမင့်ရင်သွီး" အချေရုပ်စုံစာစောင် အယ်ဒီတာချုပ် ဆရာသားရွေဦး(ကစ္ဆပ) က နိရဥ္စရာသို့ ပြောသည်။

 

" ရခိုင်မှာက ကလေးတွေနဲ့ပတ်သက်ပြီး ရည်ရွယ်ပြီး ထုတ်တဲ့ စာစောင်က မရှိသလောက် နည်းနေသေးတယ်ပေါ့နော် အဲဒီ ကွက်လပ်ကိုဖြည့်ဖို့အတွက်စဥ်းစားကြပါတယ်။ စဥ်းစားကြတဲ့အခါ ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးမှာကျရင် ရခိုင်အရေးအသားနဲ့ စာအုပ်တွေထွက်လာကြတယ်။ ဒါပေမယ့် ရခိုင်ကလေးငယ်တွေအတွက် ရည်ရွယ်ပြီးတော့ ထုတ်ဝေတဲ့စာစောင်က မရှိသေးဘူး။ ဆိုတော့ ကလေးတွေအတွက်စာစောင်ထုတ်ဝေဖို့ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာတွေနဲ့ ပူးပေါင်းပြီး ဒီစာစောင်ကို ထုတ်ဝေဖြစ်ပါတယ်" ဟု ဆရာသားရွှေဦး(ကစ္ဆပ) က ပြောသည်။

 

အဆိုပါ" အမင့်ရင်သွီး" အချေရုပ်စုံစာစောင် ထုတ်ဝေနိုင်ရန် ရခိုင်စာရေးဆရာအသိုင်းအဝိုင်းက ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် အယ်ဒီတာအဖွဲ့ဖွဲ့စည်းကာ ပြင်ဆင်လာခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် ပထမဆုံးစာစောင်ကိုထုတ်ဝေနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

 

 "အမင့်ရင်သွီး" အချေရုပ်စုံစာစောင်တွင် ကလေးငယ်များသိသင့်သိထိုက်သော ရခိုင် သမိုင်းကြောင်းဆိုင်ရာများ၊ သူရဲကောင်းများ၊ ရခိုင်ပုံပြင်များကို ကလေးငယ်များ ကြိုက်နှစ်သက်ပြီး ဖတ်ရှုနားလည်လွယ်ရန် ထည့်သွင်းဖော်ပြထားပြီး ကလေးငယ်ရွတ်ဖတ်ရန် ကဗျာတိုများ၊ ရုပ်စုံကာတွန်းများဖြင့် ရိုက်နှိပ်ထုတ်ဝေခြင်းဖြစ်ကြောင်းသိရသည်။

 

" ကလေးတွေအတွက် ရည်ရွယ်ပြီးထုတ်တဲ့ စာစောင်ဖြစ်တဲ့အတွက် ကလေးတွေဖတ်လို့၊ ရွတ်လို့ရမယ့် ရခိုင်ကဗျာတွေ ထည့်သွင်းထားတယ်။ ပြီးတော့ ကလေးတွေ ရခိုင်သမိုင်း အကြောင်းအရာတွေ သိနိုင်ဖို့  ရခိုင်သူရဲကောင်းတွေ၊ ထူးချွန်ထင်ရှားခဲ့တဲ့ သူတွေအကြောင်း၊ ပြီးတော့ ရခိုင်ပြည်မှာ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေကို ကလေးတွေနဲ့ လိုက်လျောညီထွေ ထည့်သွင်းထားပါတယ်။ ကလေးတွေကြိုက်နှစ်သက်မယ့် ကာတွန်းတွေလည်းထည့်သွင်းထားတယ်" ဟု ဆရာသားရွှေဦး(ကစ္ဆပ) က ပြောသည်။

 

အဆိုပါ" အမင့်ရင်သွီး" အချေရုပ်စုံစာစောင်တွင် စာရေးဆရာ မောင်ကောက်စံ(ရခိုင်ပြည်)က အကြံ ပေးအယ်ဒီတာဖြစ်ပြီး စာရေးဆရာ သားရွှေဦး (ကစ္ဆပ)က အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ ထုတ်ဝေသည့် စာစောင်တစ်ခုဖြစ်သည်။

 

တခြားအယ်ဒီတာအဖွဲ့ဝင်များမှာ စာရေးဆရာ ဝေဟင်အောင်၊ ကဗျာဆရာ မြတ်ဌေး(ပေါက်လေ)၊ ပွင့်သစ်(တမန်းသား)၊ မောင်ဖြူ၊ တက်သစ်အောင်(စစ်တွေ) နှင့် အောင်ကြည်မိုး(သင်းပုန်းတန်း) တို့ ဖြစ်ကြောင်းသိရသည်။

 

ယခုပထမဆုံးအကြိမ် စာစောင်ရေ ၁၀၀၀ ခန့် ထုတ်ဝေထားသည့်" အမင့်ရင်သွီး" အချေရုပ်စုံ စာစောင်ကို ရခိုင်တပြည်လုံးသာမက ရခိုင်ကလေးငယ်များရှိနိုင်သည့် ဒေသများသို့ စာစောင်တန်ဖိုး ၃၀၀၀ ကျပ်နှင့် ဖြန့်ဝေနိုင်ရန်စီစဥ်ထားကြောင်း အယ်ဒီတာချုပ် ဆရာသားရွှေဦး(ကစ္ဆပ) က ပြောသည်။

 

"အမင့်ရင်သွီး" အချေရုပ်စုံစာစောင် မိတ်ဆက်ပွဲအခမ်းအနားကို မတ်လ ၁၈ ရက်၊ နေ့လယ် နာရီ အချိန်တွင် စစ်တွေမြို့၊ ကျောင်းကြီးလမ်းရှိ ရွှေရိုးရာ အစားအစာဆိုင်တွင် ပြုလုပ်သွားမည်ဟု သိရသည်။

ဆက်စပ် သတင်းများ