ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

စစ်တွေတွင် အမျိုးသမီးများ ကာယိန္ဒြေထိခိုက်စေသည့် နှောင့်ယှက်စော်ကားခံရမှု မကြာခဏ ကြုံနေရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

နိရဥ္စရာ၊ ဧပြီ ၃/ ၂၀၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အမျိုးသမီးများအနေဖြင့် ကာယိန္ဒြေထိခိုက်စေသည့် စော်ကား နှောင့်ယှက်မှုများကို မကြာခဏ ကြုံနေကြရသဖြင့် ဝိုင်းဝန်းကာကွယ်ရန် လိုအပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများနှင့် လူမှုရေးလှုပ်ရှားသူများက ပြောသည်။

အထူးသဖြင့် စစ်တွေမြို့ရှိ များပြည်သူ အပန်းဖြေရာနေရာတစ်ခုဖြစ်သည့် စစ်တွေ ရှုခင်းသာ ကမ်းနားလမ်း တစ်လျှောက်တွင် ထိုမဖွယ်မရာ နှောင့်ယှက်စော်ကားမှုများကို နေ့ညမရွေး ကြုံတွေ့နေရကြသည်ဟု ဆိုကြသည်။

ယမန်နေ့ ဧပြီလ ၂ ရက်၊ တနင်္ဂနွေနေ့၊ နေ့လယ် ၁ နာရီခန့်တွင် အမျိုးသမီးငယ် ၃ ဦးမှာ အများပြည်သူ အပန်းဖြေကြသည့် ရှုခင်းသာ ကမ်းနားလမ်းရှိ ခုံတန်းများရှိရာတွင် ထိုင်နေကြစဉ် သူတို့အနီးသို့ အသက် (၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးလာရောက်ပြီး တမင်တကာ ကြံစည်၍ သူ့ကိုယ်သူ တစ်ကိုယ်ရည်အာသာဖြေ(masturbate )နေသည်ကို ပြသခဲ့သည်ဟု ယင်းထဲမှ အမျိုးသမီးငယ် တစ်ဦးက ဆိုသည်။

အဲဒီနေ့က Public holiday လည်းဖြစ်တယ်ပေါ့နော်။ ကျမတို့က ပွဲသွားရင်း လမ်းလည်းကြုံ၊ ပိတ်ရက်လည်းဖြစ်တော့ သူငယ်ချင်းတွေနဲ့ ကမ်းနားလမ်း တံတားပျက်ကလေးအနီး ထိုင်ခုံမှာ ခဏလေး ထိုင်နေကြတယ်။ ထိုင်မယ်ဆိုကတည်းက အရင်ကလည်း အခုလိုမျိုး အတွေ့အကြုံရှိတော့ အတွဲတစ်တွဲနဲ့ တစ်ခုံခြားနေရာမှာ ထိုင်ကြတယ်။ ခဏလေးပဲ ထိုင်ရသေးတယ်။ အနီးနားကို အသက် (၂၅)နှစ်အရွယ် Mask တပ်ပြီး ဦးထုပ်လည်းဆောင်းထားတဲ့ လူငယ်တစ်ဦးက ရောက်လာတယ်။ ပထမတော့ အပေါ့သွားတယ်ထင်လိုက်တာ။ ဒါပေမဲ့ သူက ထိုင်ပြီးတော့ မဖွယ်မရာ လုပ်ပြတယ်။ ပီးရင် masturbate လုပ်လာတယ်။ ခဏနေတော့ အဲဒီထက် ဆိုးတာတွေ လုပ်ပြလာတယ်ဟု ဆိုသည်။

ယင်းနောက် ဆိုင်ကယ်ဖြင့် ဖြတ်သွားသည့် အမျိုးသားနှစ်ဦးအား အကူအညီ လှမ်းတောင်ရာတွင်လည်း စနောက်ခံရခဲ့သေးသည်ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ပြုမူသည့်အမျိုးသားအား video ၊ ဓာတ်ပုံလည်း မရိုက်ယူရဲခဲ့ကြောင်း ယင်းအမျိုးငယ်က  ဆက်ပြောသည်။

ပထမကတော့ ပုံတွေ ဘာတွေ ယူဖို့ စဉ်းစားလိုက်သေးတယ်။ ဒါပေမဲ့ ဆိုင်ကယ်နဲ့ လိုက်တိုက်ဖို့ ကြောက်တာကြောင့် မယူခဲ့ရပါဘူး”   ဆိုသည်။

ယခုကဲ့သို့ ဖြစ်စဉ်မျိုး စစ်တွေ ကမ်းနားလမ်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း အမျိုးသမီးငယ်နှစ်ဦး ကြုံတွေ့ခဲ့ရသေးသည်ဟု သိရသည်။
ယင်းဖြစ်စဉ်မှ ကာယကံရှင်အမျိုးသမီးငယ်တစ်ဦးက အဲဒီနေ့က နေ့လယ် ၁၂ နာရီကျော်လောက်ပါ။ ကမ်းနားလမ်းက သုံးခွဆုံ အကျော်က ခုံမှာ သူငယ်ချင်းနှစ်ယောက် မုန့်တွေ ဝယ်လာပြီး အဲဒီနားမှာ အေးအေးဆေးဆေး ထိုင်မယ်ဆိုပြီးတော့ သွားကြတာပါ။ ကျမတို့နဲ့ ၃ ခုံလောက် အကွာမှာ ယောကျာ်းလေးတွေ ၇ ယောက်လောက်စုပြီး ဂစ်တာတီးပြီး ထိုင်နေကြတာရှိတယ်။ နောက်ပြီး အတွဲတွေလည်း အနီးအနားမှာရှိပါတယ်။ အဲဒီအချိန်မှာ အသက် (၄၀)လောက်ရှိတဲ့ ယောကျာ်းတစ်ယောက်က ကျမတို့အနားက ခုံမှာ ခဏထိုင်တယ်။ ပြီးတော့ သူက အပေါ့သွားတဲ့ ပုံစံလုပ်နေတယ်။ ကျမတို့လည်း သူအပေါ့သွားတယ်ထင်ပြီး  ကိုယ့်ဟာနဲ့ကိုယ် စကားကောင်းနေကြတယ်။ ခဏကြာတော့ သူ့ဆီက အသံတွေ ထွက်လာတယ်။ နောက်ပြီး သူက တဖြည်းဖြည်းနဲ့ ကျမတို့ဆီ ကပ်လာပါတယ်။ ကျမနဲ့ ကျမသူငယ်ချင်းက သူကို လှည့်ကြည့်လိုက်တဲ့အချိန်မှာ သူက ကျမတို့ကို ကြည့်ပြီး အသာဖြေနေတယ်။ ကျမတို့လည်း အရမ်းလန့်သွားတယ်။ ကျမသူငယ်ချင်းကတော့ ဖုန်းကိုထုတ်ပြီး သူကို ပုံရိုက်သလိုမျိုး လုပ်လိုက်တယ်။ အဲဒီအချိန်မှာ သူက သူ့ဆိုင်ကယ်နဲ့သူ ပြန်သွားပါတယ်။ ခဏနတော့ သူက နောက် သူ့မိတ်ဆွေဖြစ်မယ့် လူ ၂ ယောက်ကို ခေါ်ပြီးတော့ ကျမတို့ဆီ ပြန်လာတယ်။ ဆိုတော့ ကျမတို့လည်း အဲဒီနေရာက ဆိုင်ကယ် အမြန်မောင်းပြီးတော့ ပြေးလာခဲ့ရပါတယ်ဟု ဆိုသည်။

ယခုကဲ့သို့ အမျိုးသမီးများအား စော်ကား နှောင့်ယှက်မှုများမှာ နေ့စဉ် ကြုံတွေ့နေရခြင်းဖြစ်ကာ အသိပညာပေးမှုများကို ယခုထက် ပိုမိုလုပ်ဆောင်သင့်သည်ဟု စစ်တွေမြို့ခံ လူငယ်တစ်ဦးက ပြောသည်။

ကျနော်တို့လည်း အဲဒီလို ဖြစ်စဉ်မျိုးတွေ မကြာခဏ တွေ့ပါတယ်။ ဒါပေမဲ့ အဲဒီမှာ သူတို့ကို ဒီလိုလုပ်လို့မရဘူး၊ ဘာညာသွားပြောရင် ကျနော်တို့နဲ့ ပြဿနာဖြစ်သွားမှာပဲရှိမယ်။ သူတို့က လက်ခံမှာ မဟုတ်ဘူး။ အဲဒါကြောင့် ပြဿနာမဖြစ်ချင်ရင် သူတို့ကို အတွေးအခေါ်တွေ မြင့်လာအောင် လုပ်ရမှာတွေရှိတယ်။ အသိပညာပေးတွေ လုပ်ရမယ်။ လူတစ်ဘက်သားကို ဘယ်လို အပြန်အလှန် လေးစားမှုရှိရမလဲဆိုတာတွေကိုလည်း သိရှိဖို့လိုအပ်ပါတယ်။ ဒါက ခေတ်ပညာ မတိုးတက်တာနဲ့လည်း ဆိုင်မယ်ထင်ပါတယ်ဟု ဆိုသည်။

တစ်ဘက်တွင်လည်း ယခုကဲ့သို့ ကာယိန္ဒြေထိခိုက်စေသည့် နှောင့်ယှက် စော်ကားခံရမှုနှင့်ပတ်သက်ပြီး စစ်တွေမြို့ရှိ အမျိုးသမီးအဖွဲ့အစည်းများက လှုပ်ရှားမှု(campaign)များလုပ်ရာတွင်လည်း တိုက်ခိုက်မှုများကို ကြုံကြရသည်ဟု ရခိုင့်ရှေ့ဆောင်အမျိုးသမီးအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူက ပြောသည်။

တချို့ Women Generation လိုအဖွဲ့တွေ Campaign တွေ လုပ်တာတွေရှိရင်လည်း သရော်တာတွေ၊ လှောင်ပြောင်တာတွေရှိတယ်။ အမျိုးသမီးတွေကို အမျိုးသားတွေက အလိုအလျောက် တရားဝင် စနောက်ပိုင်းခွင့် ရှိတယ်ဆိုပြီး မွေးရာပါ အခွင့်အရေးအဖြစ် ခံယူထားသည့်ပတ်ဝန်းကျင်မှာက ကိုယ်တိုင်းကလည်း အသိတရားမရှိဘူး။ ပြောတဲ့လူတွေကိုလည်း ကဲ့ရဲ့တယ် ။ စိန်ခေါ်တယ်။ လှောင်ပြောင်တယ်။ ရှုတ်ချတယ်တဲ့ အနေအထားတွေဆိုတော့ လုပ်ပေးတဲ့လူတွေကလည်း အလိုအလျောက်ကို တွန့်ဆုတ်သွားတဲ့အနေအထားတွေရှိတယ်။ ဆိုတော့ တစ်ဖွဲ့ဖွဲ့က အသိပညာပေး တစ်ခုခုလုပ်တဲ့အခါမှာ ကဲ့ရဲ့ရှုတ်ချ လှောင်ပြောင်တဲ့အခြေအနေဖြစ်လာတဲ့အခါမှာ ပတ်ဝန်းကျင်ကလည်း အသိပညာပေးတဲ့အဖွဲ့တွေ ဘက်က cover ပေးပြီးတော့ ပံ့ပို့ပေးဖို့ လိုအပ်တယ်ဟု ဆိုသည်။

ယခုကဲ့သို့ ကာယိန္ဒြိထိပါးခံရသည့်အမျိုးသမီးများအနေဖြင့် အရှက်သိက္ခာကြောင့် တရားဥပဒေအတိုင်း လုပ်ဆောင်ရန် တွန့်ဆုတ်မှုများရှိနေကြသည်ဟုလည်း အမျိုးသမီးများက ပြောဆိုကြသည်။
စစ်တွေမြို့တွင် ယခုကဲ့သို့ ကာယိန္ဒြေထိခိုက်စေသည့် နှောင့်ယှက် စော်ကားမှုများမှာ ယခင်ကလည်း ရှိနေနိုင်ပြီး ယခုနောက်ပိုင်းမှသာ ယင်းအဖြစ်အပျက်များကို လူမှုကွန်ရက်စာမျက်နှာပေါ်၌ ထုတ်ဖော်ပြောဆိုမှုများ ပိုမိုများပြားလာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့  နှောင့်ယှက် ော်ကားခံရသည့် အမျိုးသမီးငယ်များအနေဖြင့် ကြီးမားသည့် စိတ်အနှာင့်အယှက်ကို ဖြစ်ပေါ်စေခြင်း၊ ကိုယ်ရည်ကိုယ်သွေးထိခိုက်ခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းပါးခြင်းနှင့် စိတ်ဖိစီးခြင်းစသည့် ဆိုးကျိုးများကို ရရှိစေသည်ဟု ကျန်းမာရေးဆိုင်ရာ အသိပညာပေးချက်များအရ သိရသည်။

 ရခိုင်ရှိ အမျိုးသမီးများအပေါ် ယခုကဲ့သို့ ကာယိန္ဒြေထိခိုက်စေသည့် မဖွယ်မရာ နှောင့်ယှက်ခြင်းများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပပျောက်ရေးနှင့် အကြမ်းဖက်ခံရသူများ တရားမျှတမှု ရရှိရေးအတွက် အစိုးရက အလေးထား ဖြေရှင်းရန်လိုအပ်နေကြောင်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက တိုက်တွန်းတောင်းဆိုနေကြသည်။ (NN-18)

ဆက်စပ် သတင်းများ