တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

(၁၄) နှစ်အတွင်း ရခိုင်ပြည်သူတစ်ရပ်လုံး ယုံကြည်အားကိုးသည့် ရက္ခိုင့်တပ်တော်အဖြစ် ရပ်တည်နိုင်၍ ဂုဏ်ယူကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ သဝဏ်လွှာတွင်ဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.1k

နိရဥ္စရာ၊ ဧပြီ ၁၀ / ၂၀၂၃

ရက္ခိုင့်တပ်တော်(AA) တော်လှန်ရေးသက်တမ်း ၁၄ နှစ်ကာလအတွင်း ရခိုင်ပြည်သူတစ်ရပ်လုံး ယုံကြည်အားကိုးသည့် ရက္ခိုင့်တပ်တော် အဖြစ် ရပ်တည်နိုင်၍ ဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ယနေ့ ဧပြီလ ၁၀ ရက်တွင်ကျရောက်သည့် ရက္ခိုင့်တပ်တော်(AA) ၁၄ နှစ်မြောက်နေ့အတွက် NUG ယာယီသမ္မတ ဒူဝါလရှီးလက တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သို့ လိပ်မူ၍ ၄င်း၏ လက်ရေးမူဖြင့် လက်မှတ်ထိုးကာ ပေးပို့သောစာတွင် ထိုသို့  ဂုဏ်ယူကြောင်း ပြောဆိုထားခြင်းဖြစ်သည်။

အဆိုပါ သဝဏ်လွှာထဲတွင် " သာလီစွ၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်။ ယနေ့ကျရောက်တဲ့ ရက္ခိုင့်တပ်တော်(AA) ရဲ့ ၁၄ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်နေ့အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်" ဟု အစချီရေးသားထားသည်။

ယင်းနောက် ယာယီသမ္မတ ဒူဝါလရှီးလက "၁၄ နှစ်တာကာလအတွင်း ရက္ခိုင့်တပ်တော်(AA) ရဲ့ပေးဆပ် ခဲ့မှုများနှင့်အတူ ယနေ့ ရက္ခိုင်တမျိုးသားလုံး အားကိုးယုံကြည်ရတဲ့  ရက္ခိုင့်တပ်တော် အဖြစ်ရပ်တည်နိုင်ခဲ့တာ ဂုဏ်ယူစရာဖြစ်ပါတယ်" ဟု ပြောဆိုသည်။

ယနေ့ကျရောက်သော  ရက္ခိုင့်တပ်တော်(AA) နှစ်ပတ်လည်နေ့နှင့်အတူ ရက္ခိုင်အမျိုးသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တစ်ရပ်ထူထောင်နိုင်ရန် အတူလက်တွဲဆောင်ရွက်နိုင်ရန်လည်း ယာယီသမ္မတ ဒူဝါလရှီးလက အဆိုပြုထားသည်။

ယနေ့ ကျရောက်သည့် (၁၄) နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG )နှင့် ညီနောင်မဟာမိတ်များဖြစ်သည့် PSLF/TNLA နှင့် MNTJP/MNDAA တို့က သဝဏ်လွှာပေးပို့ ခဲ့သလို နွေဦးတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ ၈ ဖွဲ့ဖြစ်ကြသည့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ကျောင်းသားလက်ရုံး တပ်တော်၊ အရှိုချင်းကာကွယ်ရေးတပ်၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၊ ပြည်သူ့တော်လှန်ရေးအင်အားစုနှင့် ချင်းကာကွယ်ရေးတပ် (အရှို)တို့မှလည်း သဝဏ်လွှာရေးသားပေးပို့ခဲ့ကြသည်။


ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှုသင်ကြားပြသပေးခဲ့မှုများအတွက် မိမိတို့ မဟာမိတ်အဖွဲ့ တစ်ဖွဲ့ချင်းစီမှ ကျေးဇူးအထူးသိနေမည်ဖြစ်ကြောင်းနှင့် ကူညီပံ့ပိုးပေးခဲ့မှုများကို ကောင်းစွာအသုံးချ၍ . အဖိနှိပ်ခံ ပြည်သူ့ဘဝလွတ်မြောက်ရေးအတွက် ကြံ့ကြံ့ခံ ဆက်လက် တိုက်ပွဲဝင်မည်ဟု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ ၈ ဖွဲ့၏ သဝဏ်လွှာတွင်ဖော်ပြထားသည်။

 

ရက္ခိုင့်တပ်တော်(AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ယနေ့ကျရောက်သည့် (၁၄) နှစ် ြောက်တပ်တော်နေ့အခမ်းအနားတွင် တော်လှန်ရေးနှင့်ပတ်သက်၍ ဆက်လက်ပြီး ကြံ့ကြံ့ခံရပ်တည်ကြရန် အာရက္ခပြည်သူများနှင့် အဝေးရောက် ရခိုင်လုပ်သားပြည်သူများအား မိန့်ခွန်းတွင် တိုက်တွန်း ပြောဆိုထားသည်။


ရက္ခိုင့်တပ်တော်(AA)ကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ရခိုင်လူငယ် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်(AA)သည် စစ်အင်အား  ၃၀၀၀၀ ကျော်ရှိပြီး ရခိုင်ပြည်အတွင်းတွင် ရခိုင်ပြည်သူလူထု၏ ထောက်ခံအားပေးမှုကို အများဆုံးရရှိထားသည့် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ရခိုင်ပြည်အတွင်းတွင်လည်း လွတ်မြောက်နယ်မြေအများအပြား ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း သိရသည်။ (NN-23, NN-8)

 

ဆက်စပ် သတင်းများ