တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်က ANP နှင့် AFP ပါတီတို့အား တစ်ခြားတိုင်းရင်းသားပါတီအချို့နှင့်အတူ တရုတ်ပြည်ကွန်မြူနစ်ပါတီဖိတ်ကြားမှု ရက်ရွှေ့ဆိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 9.8k

နိရဉ္စရာ၊ ဧပြီ ၂၂ / ၂၀၂၃

ရခိုင်အမျိုးသားပါတီ(ANP)နှင့် ရခိုင့်ဦးဆောင်ပါတီ(AFP)အပါအဝင် တိုင်းရင်သား နိုင်ငံရေးပါတီအချို့အား တရုတ်ပြည်ကွန်မြူနစ်ပါတီက တရုတ်ပြည်သို့ လာရောက်ရန် ဖိတ်ကြားထားမှုအား ရက်ရွှေ့ဆိုင်းထားသည်ဟု  သတင်းရရှိသည်။


တရုတ်ပြည်ကွန်မြူနစ်ပါတီက ဖိတ်ခေါ်ထားသည့် ခရီးစဉ်မှာ ၁၀ ရက် ခရီးစဉ်ဖြစ်ကြောင်း၊ လောလောဆယ်တွင် ရွှေ့ဆိုင်းထားကြောင်း၊ နောက်လာမည့် မေလတွင် ပြန်လည် ဖိတ်ခေါ်နိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)မှ အတွင်းရေးမှူး(၃) ဦးဦးထွန်းသိန်းက ခန့်မှန်းပြောကြားသည်။

"ပါတီကို မှတ်ပုံတင် လျှောက်ထားတာကို ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးနေဆဲဖြစ်တယ်။ မှတ်ပုံတင် ပြန်မကျသေးတဲ့အတွက် တရုတ်ကို လာမယ့်ကိစ္စကို နောက်ဆုတ်လိုက်တယ်လို့ သိရတယ် ဧပြီလကုန် မေလလောက်မှာတော့ ဖြစ်မှာပါ။ သူတို့ဘက်က တရုတ်ပြည်ကို လေ့လာဖို့ ခေါ်တာထင်တယ်။ အဲဒါတွေကိုတော့ အသေးစိတ်မသိရှိရသေးဘူး"ဟု ပြောသည်။

တရုတ်ပြည်ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံ ခရီးစဉ်အတွက် ဖိတ်ခေါ်ထားသည့် မြန်မာနိုင်ငံမှ တိုင်ရင်းသား ပါတီများမှာ ရခိုင်ပြည်နယ်မှ ANP နှင့် AFP ပါတီအပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းနီတိုင်ရင်းသားများဒီမိုကရက်တစ်ပါတီနှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP)အား ဆက်သွယ်မေးမြန်းရာ မူ  တရုတ်ခရီးစဉ်အား မည်သည့်အတွက်ကြောင့် ရွှေ့ဆိုင်းလိုက်သည်ကို တရုတ်ပြည် ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေးဌာနကသာသိမည်ဟု ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

"လောလောဆယ်တော့ နောက်ဆုတ်ထားတာကိုသိတယ်။ ဘာကြောင့် နောက်ဆုတ်တယ် ဆိုတာကိုတော့ ဖိတ်ခေါ်ထားတဲ့ တရုတ်ပြည် ကွန်မြူနစ်ပါတီကပဲ သိမှာပါ။ ကျနော်တို့အနေနဲ့တော့ ဘာကြောင့် ဆုတ်လိုက်တယ်ဆိုတာကို အတိအကျမသိဘူး"ဟု ပြောသည်။

တရုတ်ပြည်ကွန်မြူနစ်ပါတီက မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီတချို့အား တရုတ်နိုင်ငံသို့ ၁၀ ရက် ခရီးစဉ်ကို မတ်လအတွင်းက ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး တရုတ်ပြည်ကွန်မြူနစ်ပါတီဘက်က မည်သည့်အချိန်အထိ အဆိုပါ ဖိတ်ခေါ်မှုကို ရွှေ့ဆိုင်းထားည်ကို မသိရှိဟု သူက ဆက်ပြောသည်။ NN-21/ Photo by Mizzima

 

ဆက်စပ် သတင်းများ