စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သို့ ဒုတိယအကြိမ်သွားရောက်ပြီး နေရပ်ပြန်မည့် ဒုက္ခသည်များနှငတွေ့ဆုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 615

(ဒုက္ခသည်များဘက်က တစ်စုံတစ်ရာပြောဆိုခွင့်မရခဲ့ဟုဆို)

မြန်မာစစ်ကောင်စီကိုယ်စားလှယ် အဖွဲ့တစ်ခုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေကြသည့် မွတ်ဆလင်ဒုက္ခသည်များ ပြန်လည် လက်ခံရေးနှင့် ပတ်သက်ပြီး ယမန်နေ့က တစ်ဘက်နိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ ဒုတိယအကြိမ် သွားရောက်ခဲ့သည်ဟု သိရသည်။

သွားရောက်ရာတွင် လူဝင်မှုနှင့်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှညွှန်ကြားရေးမှူးဦးအောင်မျိုး ဦးဆောင်သော အဖွဲ့ဝင် ၁၄ ဦးပါဝင်ခဲ့သည်ဟု သိရသည်။

 

၎င်း ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ မေလ ၂၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနက်ဖ် မြို့ရှိ ဒုက္ခသည်စခန်းအမှတ် ၂၆ သို့သွားရောက်ကာ နေရပ်ပြန်ရန် သဘောတူထားသည့် မွတ်ဆလင်ဒုက္ခသည်များအနက် လူဦးရေ ၃၀၀ ခန့်ကို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု တွေ့ဆုံခဲ့သူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"အဲဒီအဖွဲ့က ဒုက္ခသည်တွေနဲ့ အပြန်အလှန်ဆွေးနွေးခဲ့တာမရှိဘူး မေးမြန်းခဲ့တာလည်း မရှိဘူး။ ဒုက္ခသည်တွေနဲ့ တွေ့ပေမယ့်လည်း ဘာတစ်ခုမှ ပြောခွင့်လည်း မရှိခဲ့ဘူး။ မေးခွင့်လည်း မရှိခဲ့ဘူး။ သူတို့က ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့သာ အဓိက ဆွေးနွေးခဲ့တယ်လို့ပဲ ကြားပါတယ်။ ဘာတွေ ဆွေးနွေးခဲ့တယ်တော့ မသိရဘူး"ဟု ပြောသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် သူတို့တွေ့ဆုံခဲ့သည့် ဒုက္ခသည် ၃၀၀ ခန့်အား နေရပ်ပြန်မည့်ကိစ္စနှင့် ပတ်သက်ပြီးမြန်မာအစိုးရဘက်က ဆောင်ရွက်ထားရှိပြီးသည့် အခြေအနေများကိုသာ ယခင်တစ်ကြိမ်လာရောက်ခဲ့စဥ်ကအတိုင်း ရှင်းပြပြောဆိုခဲ့သည်ဟု သိရသည်။

ဦးအောင်မျိုး ဦးဆောင်သော အဖွဲ့ဝင် (၁၇) ဦးပါဝင်သည့် မြန်ကိုယ်စားလှယ်အဖွဲ့သည် ပြန်လည်လက်ခံရေးစာရင်းတွင်ပါဝင်သည့် ဒုက္ခသည်  (၅၀၀)ခန့်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနက်ဖ်မြို့သို့ ပြီးခဲ့သည့် မတ်လ ၁၅ ရက်မှ ၂၂ ရက်အထိ ပထမအကြိမ် သွားရောက် စစ်ဆေးခဲ့သေးသည်။

ယင်းအကြိမ်ကလည်း နေရပ်ပြန်မည့်ကိစ္စနှင့်ပတ်သက်ပြီး မြန်မာအစိုးရဘက်က ဆောင်ရွက်ထားရှိပြီးသည့် အခြေအနေများကိုရှင်းပြပြောဆိုခဲ့သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များဘက်ကမူ သူတို့တောင်းဆိုချက်များကို မြန်မာစစ်ကောင်စီက လက်ခံမှသာ နေရပ်ပြန်မည်ဟု ဆုံးဖြတ်ထားကြကြောင်း ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ကျနော်တို့ အဓိက လိုချင်တာက ကျနော်တို့ကို နိုင်ငံသားဖြစ်ခွင့်ပေးရမယ်။ မူလရွာတွေမှာပဲ နေရာချထားပေးရမယ်။ တတိယအချက်က ကျနော်တို့ မူလပိုင်ဆိုင်ခဲ့တဲ့ လယ်ယာမြေတွေကို ပြန်ပေးရမယ်"ဟု ပြောသည်။

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဒုဥက္ကဋ္ဌ (၁) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ မုံခွန်းဝိစစ်စတန်တို့ဦးဆောင်သောအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကိစ္စနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် မတ်လ (၈)နှင့် (၉)ရက်တို့တွင် မောင်တောဒေသရှိ ငခူရစခန်းနှင့် လှဖိုးခေါင်ယာယီလက်ခံရေးစခန်းများသို့သွားရောက်ကာ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်မှု အခြေအနေများအား ကြည့်ရူခဲ့သည်။

ယင်းခရီးစဥ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ကနေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး အဆင်သင့် ဖြစ်နေသည်မှာ ကြာပြီဟု ပြောဆိုခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ရောက်ရှိနေသည့် မွတ်ဆလင်များအားရှေ့ပြေးစမ်းသပ်စီမံကိန်း(Pilot Project)အရ မွတ်ဆလင် (၁၅၀၀) ကျော်ကိုစတင်လက်ခံပြီး မောင်တောဒေသရှိ ငခူရစခန်းနှင့် လှဖိုးခေါင်ယာယီ လက်ခံရေးစခန်းတွင် ယာယီထားရှိကာ မောင်တောမြို့နယ်ရှိ ကျေးရွာ (၁၅)ရွာတွင် နေရာချထားရန်နှင့် လိုအပ်သည့်အခြေခံအဆောက်အအုံများကိုလည်း ဆောင်ရွက်ထားရှိကြောင်း ယင်းခရီးစဥ်အတွင်းပြောဆိုခဲ့သည်

အဆိုပါကျေးရွာ ၁၅ ရွာသည် ဒုက္ခသည်များ၏ မူလကျေးရွာများမဟုတ်ဘဲ မြန်မာစစ်ကောင်စီက ဒုက္ခသည်စခန်းများအသွင် ဆောက်လုပ်ကာ နေရပ်ပြန်သူများကို ဒုက္ခသည်များအဖြစ် ထားရှိမည်ဖြစ်၍ ထိုဆောင်ရွက်ချက်ကို ဒုက္ခသည်များက လက်မခံကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ၏ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။ 

မောင်တောမြောက်ပိုင်းတွင် စစ်ကောင်စီက မွတ်ဆလင်များအား ပြန်လည်လက်ခံရန် နေရာချထားသည့် နေရာများထဲမှ လှဖိုးခေါင်နှင့် ငါးခူရစခန်းတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့ကလည်း မေလ ၅ ရက်တွင် မောင်တောသို့ လာရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ယင်းအဖွဲ့တွင် ဒုက္ခသည် ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေးကော်မရှင်နာရုံး(Refugee, Relief and Repatriation Commissioner - RRRC)မှ တာဝန်ရှိသူများ ဦးဆောင်ပြီး မွတ်ဆလင် ဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့ဝင် ၂၀ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ အရာရှိ ၇ ဦး အပါအဝင် စုစုပေါင်း ၂၇ ဦးလိုက်ပါခဲ့သည်။

ပြီးခဲ့သည့်  ၂ဝ၁၇ ခုနှစ်များက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း မြန်မာစစ်တပ်၏နယ်မြေရှင်းလင်းမှုကြောင့်မွတ်ဆလင် ၇ သိန်းခန့် တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုငံသို့ ထွက်ပြေးတိမ်းခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

၄င်းတို့အားပြန်လည်လက်ခံရန် NLD အစိုးရကလက်ထက်တွင် နှစ်နိုင်ငံအစိုးရများက ဆောင်ရွက်ခဲ့သော်လည်း ထမြောက်အောင်မြင်မှုမရှိခဲ့ဟုသိရသည်။ (NN-16)

ဆက်စပ် သတင်းများ