တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စ အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံ သံရုံးအကြီးအကဲများ မောင်တောသို့သွားရောက်ကြည့်ရှု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 8.5k

(စစ်ကောင်စီ၏ ပြန်လည်လက်ခံရေးကိစ္စဆောင်ရွက်နေမှု ပွင့်လင်းမြင်သာမှုမရှိဟုဆို)

နိရဥ္စရာ၊ မတ် ၉ / ၂၀၂၃

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး ကိစ္စနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံသံရုံးအကြီးအကဲများသည် ရခိုင်ပြည်နယ်၊ မောင်တောဒေသသို့ ယမန်နေ့က သွားရောက်ကြည့်ရှုခဲ့ကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ (၁)အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သည့် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များသည် ယမန်နေ့ မတ်လ ၈ ရက်က မောင်တောဒေသသို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်ဟု ယနေ့ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါအဖွဲ့၏ယင်းခရီးစဉ်တွင် မောင်တောမြို့နယ်၊ ငါးခူရပြန်လည်လက်ခံရေးစခန်းနှင့် လှဖိုးခေါင် ယာယီ နေရာချထားရေးစခန်းများသို့ သွားရောက်ခဲ့ပြီး ပြန်လည်လက်ခံနိုင်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ယခုကဲ့သို့ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးကိစ္စ ဆောင်ရွက်မှုများမှာ ပွင့်လင်းမြင်သာမှုတစ်စုံတရာမရှိဟု မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက နိရဥ္စရာသို့ ပြောသည်။

"ပွင့်လင်းမြင်သာမှုကမရှိဘူး။ နဂိုလုပ်ခဲ့တဲ့အစိုးရက ပွင့်လင်းမြင်သာမှုမရှိခဲ့သလို အခု အစိုးရလုပ်နေတာတွေလည်း မရှိဘူးလို့မြင်တယ်။ ပြည်သူတွေကလည်း ဘာတစ်ခုမှ မသိရဘူးလေ။ ဘယ်လိုပုံစံ၊ ဘယ်လိုအစီအစဉ်တွေနဲ့ လက်ခံရေးလုပ်မယ်ဆိုတာ ဒေသခံပြည်သူတွေတောင် မသိရတဲ့အနေအထားရှိတယ်"ဟု ပြောသည်။


ပြန်လည်လက်ခံရေးကိစ္စကို NLD အစိုးရလက်ထက်ကပင် စတင်ဆောင်ရွက်လာခြင်းဖြစ်ပြီး ဗဟို အစိုးရများ၏ နိုင်ငံရေးကစားကွက်တစ်ခုအဖြစ်ရှုမြင်မိသည်ဟုလည်း ဆိုသည်။

 

မြန်မာအစိုးရအနေဖြင့် တစ်ဖက်နိုင်ငံမှဝင်ရောက်လာမည့် ဒုက္ခသည်များ၏ လိုအပ်ချက်ကို မဖြည့်စွမ်းပေးနိုင်သည့်အခြေအနေတို့ကြောင့် ပြန်လည်လက်ခံရေးမှာ ဖြစ်မြောက်လာနိုင်ခြေ နည်းပါးကြောင်း ဦးမောင်အုန်းက ဆက်လက်သုံးသပ်ပြောဆိုသည်။

"ဖြစ်လာသည့်တိုင်အောင် ပြန်ဝင်လာမယ့်သူက  နည်းမယ့်အခြေအနေရှိတယ်။ ဘာဖြစ်လို့ မဖြစ်လာနိုင်လဲဆိုတော့ မြန်မာအစိုးရအနေနဲ့ တစ်ဖက်ကဝင်ရောက်လာမယ့် ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်မယ့်အနေအထား မရှိလို့ပါပဲ" ဟု ပြောသည်။

ယမန်နေ့က ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သောအဖွဲ့၏ခရီးစဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီက မောင်တောမြို့နယ်မှ လွှတ်တော်ကိုယ်စားဟောင်းများအပါအဝင် ဒေသခံများကို တစ်စုံတစ်ရာဆက်သွယ်ခဲ့ခြင်းမရှိခဲ့ဟုလည်း မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းလှစိန်က ပြောသည်။

"အဲဒီလိုလာတဲ့ကိစ္စ ကျနော်တို့မသိရပါဘူး" ဟုပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သော အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံ သံရုံးအကြီးအကဲများ အဖွဲ့သည် ယမန်နေ့က မောင်တောသို့မသွားရောက်မီကလည်း နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး ကိစ္စရပ်များကို စစ်တွေရှိ ပြည်နယ်စစ်ကောင်စီဧည့်ဂေဟာ၌ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ပြီးခဲ့သည့် ၂ဝ၁၆ နှင့် ၂ဝ၁၇ ခုနှစ်များက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း မြန်မာစစ်တပ်၏နယ်မြေရှင်းလင်းမှုကြောင့် မူဆလင် ၇ သိန်းခန့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုငံသို့  ထွက်ပြေးတိမ်းခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

အဆိုပါပဋိပက္ခအတွင်း မူဆလင်များအပေါ် မြန်မာစစ်တပ်က လူမျိုးတုန်းကျူးလွန်သည်ဟုဆိုကာ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)တွင် ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည်။

ယင်းသို့ စွပ်စွဲထားမှုမှာ မဟုတ်မှန်ကြောင်းနှင့် တရားစွဲဆိုထားမှုအပေါ် လက်ခံကြားနာခြင်းမပြုလုပ်ရန် အချက်(၄)ကို မြန်မာအစိုးရဘက်က ICJ တွင် ပြီးခဲ့သည့်နှစ်က တင်သွင်းချေပခဲ့သော်လည်း ယင်းချေပချက် (၄)ချက်စလုံးကို ICJ က ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် ပယ်ချခဲ့သည်။

ယင်းသို့ ပယ်ချခံခဲ့ရသည့်အတွက် ICJ တွင် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသည့်အချက်များအား ချေပလွှာ (Counter Memorial) တင်သွင်းနိုင်ရေးကိစ္စရပ်များကို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများအဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နှင့် ၆ ရက်တို့တွင် စစ်တွေသို့လာရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနှင့် (၂)ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။ (NN-23)

ဆက်စပ် သတင်းများ