တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ရခိုင်တွင် ယခုနှစ် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားသူ ဦးရေ ၄၀၀ ကျော်အထိရှိလာနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 584

ရခိုင်ပြည်နယ်တွင် ယခုနှစ် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ဦးရေ ၄၀၀ ကျော် အထိရှိလာနေသည်ဟု သိရသည်။

ထိုစာရင်းမှာ ဇွန်လ ၃၀ ရက်အထိကောက်ယူထားသည့်စာရင်းဖြစ်သည်ဟုလည်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားကြသူများမှာ ကျောက်ဖြူမြို့နယ်မှ ၁၀၄ ဦးခန့်၊ စစ်တွေမှ ၆၆ ဦး၊ တောင်ကုတ်မှ ၆၃ ဦးခန့်အပါအဝင် တခြားမြို့နယ်များမှ ၁ ဦး၊ ၂ ဦးခန့် ဖြစ်ပွားနေကြပြီး စုစုပေါင်း လူဦးရေ ၄၀၀ ကျော်အထိ ဖြစ်ပွားမှုရှိနေသည်ဟု သူက ဆိုသည်။

အဆိုပါရောဂါဖြစ်ပွားရာတွင် အသက် ၁ နှစ်နှင့် ၁ နှစ်အောက် ကလေးငယ် ၁၀ ကျော် ၂၀ ခန့်၊ အသက် ၁ နှစ်ကနေ ၄ နှစ်အထိ လူဦး‌ရေ ၁၄၀ ကျော်ခန့်၊ အသက် ၄ နှစ် မှ ၉ နှစ်အထိ လူဦးရေ ၁၆၀ ကျော်၊ အသက် ၁၀ နှစ်မှ ၁၄ နှစ်အထိ လူဦးရေ ၃၀ ကျော်နှင့် အသက် ၁၅ နှစ်အထက်တွင် လူဦးရေ ၁၀ ကျော်ခန့်ဖြစ်သည်ဟု သိရသည်။

အများအားဖြင့် အသက် ၁၅ နှစ်အောက် အသက်အရွယ်များသည် သွေးလွန်တုတ်ကွေးရောဂါ အဖြစ်များပြီး နောက်ပိုင်းတွင် လူကြီးပိုင်းများသည်လည်း အနည်းငယ်ဖြစ်ပွားမှု ရှိလာကြသည်ဟု သိရသည်။

သွေးလွန်တုတ်ကွေးရောဂါသည် ရေကြည်၊ ရေကြိုင်များတွင် ပေါက်ဖွားသည့် ခြင်ကျားများ အကိုက်ခံရခြင်းမှ တစ်ဆင့်ဖြစ်ပွားတတ်ခြင်းဖြစ်ပြီး ပြင်းထန်စွာဖြစ်ပွားပါက လူကိုသေစေနိုင်သည့်ရောဂါဖြစ်သည်ဟု သိရသည်။

ထိုသို့ ခြင်မပေါက်ပွားရအောင် မိမိတို့နေအိမ်နှင့် ပတ်ဝန်းကျင်ရှိ ရေကန်များကို ပိုးလောက်လန်းများ မပေါက်ပွားရအောင် သန့်သန့်ရှင်းရှင်း လုပ်ထားရန်လိုအပ်ပြီး ဘုရားပန်းအိုးများကိုလည်း ၃ ရက်တစ်ကြိမ်၊ ၄ ရက်တစ်ကြိမ် ရေလဲပေးသင့်ကာ အမှိုက်သရိုက်များကိုလည်း ရှင်းလင်းထားသင့်သည်ဟု အထက်ပါဝန်ထမ်းက ပြောသည်။

နောက်ပြီး ကျန်းမာရေးဌာနက ပိုးလောက်လန်းသေတဲ့ဆေးတွေပေးရင် စနစ်တကျသုံးစွဲကြဖို့ လိုမယ်။ အဲလိုမျိုးလုပ်ထားရင်တော့ ခြင်ကိုက်မှုလျော့ကျသွားရင် သွေးလွန်တုတ်ကွေး ဖြစ်ဖို့နည်းပါတယ်။ အဲလိုမဟုတ်ဘဲ ဒီအတိုင်းနေရင်တော့ သွေးလွန်တုတ်ကွေး ဖြစ်ဖို့များပါတယ်"ဟု ပြောသည်။

သွေးလွန်တုတ်ကွေးရောဂါကို အဆင့်သုံးဆင့် ခွဲခြားထားပြီး ထိုရောဂါသည် ဗိုင်းရပ်စ်ကြောင့် ဖြစ်သည့်အတွက် စတင်ဖြစ်ဖူးသည့်ကလေးများတွင် ပထမအကြိမ်တွင် ဖျားနာတတ်ပြီး ထိုမှတစ်ဆင့် ကူးစက်နိုင်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ဥပမာ ရပ်ကွက်တစ်ခုမှာ ကလေးတစ်ယောက် သွေးလွန်တုတ်ကွေး ရောဂါဖြစ်တယ်ဆိုရင် အားလုံးက ကူးစက်နိုင်တယ်။ တကယ်လို့ ဖျားတယ်ဆိုရင် အရည်များများ တိုက်ထားရမယ်။ အဲဒီအဆင့်က သွေးယိုစီးတဲ့အဆင့် ဖြစ်လာတယ်ဆိုရင် အနီစက်ကလေးတွေ ထွက်လာမယ်။ အော့အန်လာမယ်။ အော့အန်လာတဲ့အခါ ကော်ဖီအရောင်တွေပါလာမယ်။ နောက်ပြီးတော့ မစင်တွေ မဲလာမယ်။ အဲလို လက္ခဏာတွေ တွေ့လာရင် ဆေးရုံမှာ ချက်ချင်း သွားပြီး ကုသဖို့လိုလာတယ်။ အဲလိုမျိုးမဟုတ်ဘဲ ကလေးက ဂနာမငြိမ်တာမျိုး။ တစ်ကျီကျီ လုပ်နေတာမျိုး။ မှိန်းနေတာမျိုးဖြစ်လာရင် ဆေးရုံကိုသွားပြီးချက်ချင်း ကုသခံယူဖို့လိုတယ်။ ချက်ချင်း ကုသမှု မလုပ်ရင် အသက် ဆုံးရှုံးနိုင်ပါတယ်ဟုပြောသည်။

ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကလည်း ယခုနှစ်တွင် ရခိုင်၌ သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ၄၂၆ ဦး ဆေးရုံရောက်ရှိခဲ့သော်လည်း သေဆုံးသူ မရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ပြောထားသည်။

သွေးလွန်တုတ်ကွေးရောဂါသည် မိုးရာသီဖြစ်သည့် မေလမှ အောက်တိုဘာလအထိ အဖြစ်များပြီး ပွင့်လင်းရာသီဖြစ်သည့် နိုဝင်ဘာလခန့်ဆိုလျှင် အလိုအလျောက် လျော့ကျသွားဟု သိရသည်။

ယခုနှစ်တွင် မေလမှ စတင်၍ မိုးရွာသည့်အတွက် မေလကတည်းကပင် သွေးလွန်တုတ်ကွေး စတင်ဖြစ်ပွားများလာသည်ကို တွေ့ရသည်ဟုလည်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်ကို သိလိုသဖြင့် ရခိုင်ပြည်နယ်ကျန်းမားရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်ကို နိရဉ္စရာက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိခဲ့ပါ။

 

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိ သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ၉၀၀ ကျော်ရှိခဲ့ကြောင်းလည်း သိရသည်။

ရခိုင်တွင် ၂၀၁၇ ခုနှစ်က သွေးလွန်တုတ်ကွေးရောဂါ အဖြစ်များခဲ့ပြီး သေဆုံးသူ ၂၇ ဦးအထိ ရှိခဲ့သည်ဟု ပြည်နယ်ကျန်းမားရေးဌာနစာရင်းများအရ သိရသည်။

 

 

 

 (NN-13)

ဆက်စပ် သတင်းများ