စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

မြေပုံတွင် ၅ နှစ်အရွယ်ကလေးငယ် သွေးလွန်တုပ်ကွေးဖြစ်ပြီး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 825

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်တောကျေးရွာမှ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပြီး သေဆုံး သွားခဲ့ကြောင်း သတင်းရရှိသည်။


သေဆုံးသွားသူမှာ ညောင်တောကျေးရွာမှ ဦးခင်မောင်လှိုင်နှင့် ဒေါ်မေသန်းဦးတို့၏ သမီးဖြစ်သူ မသဇင်ဖြိုး (၅) နှစ်ဖြစ်ကြောင်း သိရသည်။

သူမသည် သွေးလွန်တုပ်ကွေးရောဂါကြောင့် ဇူလိုင် ၈ ရက်၊ နံနက် ၅ နာရီအချိန်တွင် သေဆုံးသွားကြောင်း ညောင်တောကျေးရွာသားတစ်ဦးက နိရဥ္စရာသို့ပြောသည်။

"ကလေးသေသွားတာကတော့ မနေ့က နေ့မနက် ၅ နာရီလောက်က ပေါက်တော ဆေးရုံမှာ သေသွားတာပါ။ ဆရာဝန်တွေကတော့ သွေးလွန်တုပ်ကွေးလို့ ပြောကြတယ်" ဟု ပြောသည်။

မသဇင်ဖြိုးမှာ  ဇူလိုင်လ ၇ ရက်၊ ည ၉ နာရီက ရုတ်တရက်အဖျားဝင်ကာ သတိလစ် မေ့မျောခဲ့ပြီးနောက် စိုးရိမ်ရသည့်အခြေအနေဖြစ်၍ ည ၁၀ နာရီခွဲတွင် ပေါက်တောဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သူက​​ ပြောသည်။

ပေါက်တောမြို့နယ်ဆေးရုံသို့ ညဥ့် ၁ နာရီကျော်တွင်ရောက်ရှိခဲ့ပြီး ယမန်နေ့နံနက်တွင် သေဆုံးခဲ့ကြောင်း ညောင်တောကျေးရွာသားတစ်ဦးက ပြောသည်။

"အဲဒီကလေးက ရုတ်တရက်အဖျားဝင်ပြီး တက်တာ(သတိလစ်)တာတွေ စဖြစ်တာပါ။ နည်းနည်း စောင့်ကြည့်ပြီးတော့ စိုးရိမ်ရတာနဲ့ ပေါက်တော ဆေးရုံကို ညတွင်းချင်းပို့တာ။ အဲဒီပေါက်တော ဆေးရုံရောက်တော့ ဆရာဝန်တွေက အခြေအနေမကောင်းဘူး။ စစ်တွေဆေးရုံကြီးကိုပို့ရမယ်လို့ ပြောပါတယ်။ မနက် ၅ နာရီလောက်မှာ ကလေးက သေဆုံးသွားတာ" ဟု ပြောသည်။

မသဇင်ဖြိုး၏ ရုပ်အလောင်းအား
ယနေ့ ဇူလိုင်လ ၉ ရက်၊ နေ့လယ်တစ်နာရီတွင် ကျေးရွာသုသာန်၌ သဂြိုလ်သွားမည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် ဇွန်လ ၃၀ ရက်ထိကောက်ယူထားသည့်စာရင်းအရ သွေးလွန်တုပ် ကွေးရောဂါဖြစ်ပွားသူ ၄၀၀ ကျော် အထိရှိလာနေသည်ဟု ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ
တစ်ဆင့် သိရသည်။

သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားကြသူများမှာ ကျောက်ဖြူမြို့နယ်မှ ၁၀၄ ဦးခန့်၊ စစ်တွေမှ ၆၆ ဦး၊ တောင်ကုတ်မှ ၆၃ ဦးခန့်အပါအဝင် တခြား မြို့နယ်များမှ ၁ ဦး၊ ၂ ဦးခန့် ဖြစ်
ကြောင်း သိရသည်။

 

အဆိုပါရောဂါဖြစ်ပွားရာတွင် အသက် ၁ နှစ်နှင့် ၁ နှစ်အောက် ကလေးငယ် ၁၀ ကျော် ၂၀ ခန့်၊ အသက် ၁ နှစ်ကနေ ၄ နှစ် အထိ လူဦး‌ရေ ၁၄၀ ကျော်ခန့်၊ အသက် ၄ နှစ် မှ ၉ နှစ်အထိ လူဦးရေ ၁၆၀ ကျော်၊ အသက် ၁၀ နှစ်မှ ၁၄ နှစ်အထိ လူဦးရေ ၃၀ ကျော်နှင့် အသက် ၁၅ နှစ်အထက်တွင် လူဦးရေ ၁၀ ကျော်ခန့်ဖြစ်သည်ဟု သိရသည်။


ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကလည်း ယခုနှစ်တွင် ရခိုင်၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ
ကလေးငယ်  ၄၂၆ ဦး ဆေးရုံ ရောက်ရှိခဲ့သည်ဟု ပြောဆိုထားသည်။


သွေးလွန်တုပ်ကွေးရောဂါသည် ရေကြည်၊ ရေကြိုင်များတွင် ပေါက်ဖွားသည့် ခြင်ကျားများ အကိုက်ခံရခြင်းမှ တစ်ဆင့်ဖြစ်ပွားတတ်ခြင်းဖြစ်ပြီး ပြင်းထန်စွာဖြစ်ပွားပါက လူကိုသေစေနိုင်သည့်ရောဂါဖြစ်သည်ဟု သိရသည်။

ထိုသို့ ခြင်မပေါက်ပွားရအောင် မိမိတို့နေအိမ်နှင့် ပတ်ဝန်းကျင်ရှိ ရေကန်များကို ပိုးလောက်လန်းများ မပေါက်ပွားရအောင် သန့်သန့်ရှင်းရှင်း လုပ်ထားရန် လိုအပ်ပြီး ဘုရားပန်းအိုးများကိုလည်း ၃ ရက်တစ်ကြိမ်၊ ၄ ရက်တစ်ကြိမ် ရေလဲပေးသင့်ကာ အမှိုက်သရိုက်များကိုလည်း ရှင်းလင်းထားသင့်သည်ဟု ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အကြံပြုထားသည်။ (NN-23)

ဆက်စပ် သတင်းများ