တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် မုန်တိုင်းကာလမြင့်တက်ခဲ့သည့်ဆန်စျေးအတိုင်း မုန်တိုင်းအလွန် ၂ လကျော်သည်ထိ ရောင်းချနေကြဆဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 2.6k

ရခိုင်တွင်မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက်မြင့်တက်သွားသည့် ဆန်စျေးနှုန်းများမှာ မုန်တိုင်းအလွန် လကျော်လာသည့် ယနေ့ ဇူလိုင်လ ၁၅ ရက်တိုင်အောင် လျော့ကျမသွားသေးဘဲ ၎င်းစျေးနှုန်းအတိုင်း ရောင်းချနေကြဆဲဖြစ်ကြောင်း ဒေသခံများက နိရဥ္စရာသို့ ပြောဆိုကြသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးချိန်မှစတင်ကာ စစ်တွေအပါအဝင် မုန်တိုင်းသင့်မြို့နယ်များတွင် ဆန်စျေးနှုန်းများ မြင့်တက်သွားခဲ့ပြီး ဆန်ရောင်းဝယ်ရေးဆိုင်များအနေဖြင့်လည်း ဆန်စျေးနှုန်းများကို ယခင်ထက် မြှင့်တင်ကာ ရောင်းချခဲ့ကြသည်။

ယမန်နေ့ဇူလိုင်လ ၁၄ ရက်က မိုခါမုန်တိုင်းတိုက်ခတ်မှု လပြည့်ခဲ့သော်လည်း အဆိုပါမြို့နယ်များမှ ဆန်ဆိုင်များတွင် ဆန်စျေးနှုန်း ပြန်လျော့မကျသေးကြောင်း မြို့ခံများက ပြောဆိုကြသည်။

ရသေ့တောင်မြို့၊ တောင်ရင်းတန်းရပ်ကွက်မှ မြို့ခံတစ်ဦးက "ဆန်စျေးနှုန်းတွေက မုန်တိုင်းတိုက်ပြီးကတည်းက ရောင်းနေတဲ့စျေးအတိုင်းပဲ။ ပြန်ကျသွားတာတော့ မရှိဘူး။ ဆန်စျေးက တက်လည်းတက် မသွားဘူး။ လျော့လည်း လျော့မသွားသေးပါဘူး " ဟု နိရဥ္စရာသို့ပြောသည်။

ရသေ့တောင်မြို့တွင် မုန်တိုင်းမတိုက်မီ ၉၉၀၀၀ ကျပ်သာရှိသည့် ပေါ်ဆန်းမွှေး ဆန်တစ်အိတ်ကို မုန်တိုင်းအလွန်ကပင် ၁၃၀၀၀၀ ကျပ်အထိ စျေးမြှင့်တင်ကာ ရောင်းချခဲ့ကြပြီ ယနေ့အချိန်ထိ ယင်းစျေးနှုန်းဖြင့် ဝယ်ယူနေရကြောင်း သူက ပြောသည်။

"မုန်တိုင်းပြီးတာလည်း နှစ်လတောင်ကျော်နေပါပြီ။ ဆန်စျေးနှုန်းက ပြန်လျှော့ဖို့ ကောင်းနေပါပြီ။ကျွန်တော်တို့မှာ တစ်နေ့လုပ်အားခဝင်ငွေက ဆန်စျေးနှုန်းနဲ့ တခြားစားသောက်ကုန်တွေနဲ့ဆိုရင် ဘယ်လိုမှလိုက်မမီဘူး"ဟု ဆက်ပြောသည်။

မုန်တိုင်းဗဟိုပြုတိုက်ခတ်ခဲ့ရာ စစ်တွေမြို့တွင်လည်း ယခင်က သောင်းကျပ် ကျော်ရှိသည့် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို မုန်တိုင်းအလွန်တွင် ၁၂၀၀၀၀ ကျပ်ဝန်းကျင်ဖြင့်ဝယ်ယူခဲ့ရပြီး ယင်းစျေးနှုန်းမှာ ယနေ့အထိပြန်လျော့ ကျမသွားသေးကြောင်း မြို့ခံများက ပြောသည်။

စစ်တွေမြို့မစျေးကြီးမှာ စျေးသည်အမျိုးသမီးတစ်ဦးက "စစ်တွေမှာလည်း ဆန်စျေးနှုန်းက အတက်အကျမကြားမိပါဘူး။ မုန်တိုင်းအလွန်မှာ စျေးတင်ရောင်းတဲ့ အတိုင်းပါပဲ"ဟု ပြောသည်။

စစ်တွေမြို့တွင် ယခင်က ၇၀၀၀၀ ကျပ်ရှိ သည့် သီရိဒုံဆန် တစ်အိတ်ကို မုန်တိုင်းအလွန်တွင် ၈၀၀၀၀ ကျပ်ထိမြင့်တက်သွားသလို တခြားဆန်များမှာလည်း ယခင်စျေးနှုန်းထက် တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဝန်းကျင်ခန့်မြင့်တက်သွားပြီး လက်ရှိအချိန်ထိ ယင်းစျေးနှုန်းအတိုင်းပင် ဖြစ်ကြောင်း ဝယ်ယူနေရဆဲ ဖြစ်ကြောင်း မြို့ခံများကပြောသည်။

ဆန်ဆိုင်များအနေဖြင့် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ဆန်စက်မှ ဝယ်ယူနေရသည့် စျေးနှုန်းမှာ လက်ရှိတွင် ၁၁၀၀၀၀ ကျပ်ရှိနေသည့်အတွက် ပြန်ရောင်းချသည့် အခါ ၁၁၅၀၀၀ ကျပ်၊ ၁၂၀၀၀၀ ကျပ်ခန့်ဖြင့် ပြန်ရောင်းနေခြင်းဖြစ်ကြောင်း စစ်တွေမြို့မှ သဇင်ခိုင်ဆန်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် အမျိုးသမီးက နိရဥ္စရာသို့ပြောဆိုထားသည်။

ကျောက်တော်မြို့တွင်လည်း မုန်တိုင်းမတိုက်ခင်က ၁၁၀၀၀၀ ကျပ်ကျော်ရှိသည့် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို လက်ရှိတွင် ၁၂၅၀၀၀ ကျပ်နှင့် ၁၃၀၀၀၀ ကျပ်စသဖြင့် စျေးအမျိုးမျိုးပေးဝယ်နေရကြောင် မြို့ခံတစ်ဦးက ပြောသည်။

မိုခါမုန်တိုင်းအလွန် ဆန်နှင့်အခြေခံစားသောက်ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် မုန်တိုင်းအတွင်း အိုးအိမ်အဆောက်အဦများပါ ပျက်စီးဆုံးရှုံးခဲ့ရသည့် ပြည်သူများမှာ စားဝတ်နေရေးအခက်အခဲများကြုံတွေ့နေကြရသည်ဟု ဆိုသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုယ်တိုင်ကလည်း မုန်တိုင်းအလွန်တွင် အိမ်ဆောက် ပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းများကိုစျေးနှုန်းမြှင့်တင်ရောင်းချမှု မပြုလုပ်ရန် လုပ်ငန်းရှင်များအား သတိပေးတားမြစ်ခဲ့သည်။

ယင်းအပြင် ULA/AA လက်အောက်ခံ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခ အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ(ERRCA) ကလည်း ရခိုင်ရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများ၊ ကုန်စည်ကူးသန်းရောင်းဝယ် ဖောက်ကားကြသောသူများအနေဖြင့် အိမ်ဆောက်ပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား အစရှိသောအခြေခံစားသုံးကုန်ပစ္စည်း၊ ဆေးဝါးများကို ဈေးနှုန်းအဆမတန်မြှင့်ကာရောင်းချခြင်းများကို မပြုလုပ်ရန်နှင့် သင့်တင့်သော ဈေးနှုန်းများဖြင့် ရောင်းချကြရန်လည်း ယမန်နေ့ မိုခါမုန်တိုင်း ပြည့်နေ့တွင် ထုတ်ပြန်တိုက်တွန်ထားသည်။ (NN-23)

ဆက်စပ် သတင်းများ