တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

လိုင်ဇာကို ထိုးစစ်ဆင်နေသည့်စစ်ကောင်စီတပ်ကို KIA နှင့်အတူ AA တပ်တွေက ပူးပေါင်းတိုက်ခိုက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို စစ်ကြောင်း ထိုးလာနေသည့် စစ်ကောင်စီတပ်ကို KIA တပ်နှင့်အတူ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များကလည်း ဝင်ရောက်ကူညီ တိုက်ခိုက်ပေးနေကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှုးကြီး နော်ဘူက နိရဉ္စရာကို အတည်ပြုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကတည်းက လိုင်ဇာမြို့အနီးက နန်ဆန်ယန်ရွာကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနှင့် တိုက်ခိုက်နေရာ ဇူလိုင် ၁၇ ရက် ယနေ့အထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း သိရသည်။

နန်ဆန်ယန်ရွာအနီး စစ်ကောင်စီ၏ စစ်ကြောင်းများအင်အားဖြည့်ရောက်နေကြပြီး လက်နက်ကြီးများနှင့် ပစ်ခတ်နေကြသလို မြေပြင်တိုက်ပွဲများလည်း ဆက်ဖြစ်နေသည်ဟု ဗိုလ်မှုးကြီး နော်ဘူက ပြောသည်။

"နန်ဆန်ယန်ဖက်မှာတော့ စစ်ကြောင်းတွေ အင်အားဖြည့်ရောက်နေတယ်။ ဗန်းမော်၊ မြစ်ကြီးနားဖက်က တက်လာတဲ့စစ်ကြောင်းတွေကို ကျွန်တော်တို့က ကြားဖြတ် ခုခံတိုက်ခိုက်တာတွေ ရှိပါတယ်။ AA တပ်က လည်း ဒီမှာရှိနေတဲ့တပ်တွေက ကူညီပူးပေါင်းကြပါတယ်။ စစ်ပွဲကတော့ ကြာမှာပါ၊ နောက်ထပ်ဖြစ်ဦးမှာ ပါပဲ" ဟု ပြောသည်။


၁၄ ရက်ကြာဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေပြီး အရေအတွက်အသေးစိတ်ကိုတော့ မပြောနိုင်သေးကြောင်း ဗိုလ်မှုးကြီး နော်ဘူ က ပြောသည်။

စစ်ရေးတင်းမာနေသည့် နန်ဆန်ယန်ရွာအပါအဝင် အနီးပတ်ဝန်းကျင်မှ ထောင်နှင့်ချီသည့်ဒေသခံများ သည် လိုင်ဇာမြို့အပါအဝင် တခြားဘေးလွတ်ရာဒေသများဆီသို့ ထွက်ပြေးခိုလှုံနေကြရကြောင်းလည်းသိရသည်။

ရခိုင်ပြည်နယ်ဘက်တွင် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းပြီး စစ်ရေးပြင်ဆင်မှုများရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာသတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

သို့သော်လည်း ရခိုင်ကို ဇူလိုင် ၁၀ ရက်နေ့က ရောက်ရှိလာခဲ့သော စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ၏ခရီးစဉ်အတွင်း ရခိုင်ရှိ စစ်ကောင်စီ တပ်မိသားစုများနှင့် တွေ့ဆုံရာတွင် စစ်ရေးသတိရှိကြရန်နှင့် စစ်သားဟူသည် တိုက်ပွဲဝင်ရန် အသင့်ရှိနေရမည်စသည်ဖြင့် ပြောဆိုစည်းရုံးမှုများကိုလည်း ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီပိုင်သတင်းစာများတွင် ဖော်ပြထားသည်။  NN-24

ဓာတ်ပုံ- BBC and AA

ဆက်စပ် သတင်းများ