သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

သွေးလွန်တုတ်ကွေးအဖြစ်များလာ၍ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက စစ်တွေတွင် အခမဲ့ ခြင်ဆေးဖြန်းပေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 837

သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ် ကာကွယ်နိုင်ရန် ရ စစ်တွေမြို့တွင် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက အခမဲ့ခြင်ဆေးဖြန်းပေးနေသည်ဟု သိရသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ စစ်တွေရှိ ခြင်ဆေးဖြန်းပေးရန် အကူအညီတောင်းခံလာသည့်နေအိမ်များ၊ ရုံးဌာနများနှင့် အဆောက်အဦများကို အခမဲ့ သွားရောက်ဖြန်းပေးနေခြင်းဖြစ်သည်ဟု သိရသည်။

ယနေ့ ဇူလိုင်လ ၁၉ ရက်၊ နံနက်ပိုင်းကလည်း စစ်တွေမြို့၊ မြို့နယ်အခွန်ဦးစီးဌနာမှ ခြင်ဆေး ဖြန်းပေးရန်အကူအညီတောင်းခံလာ၍ ခြင်ဆေးဖြန်းအခမဲ့ကူညီဆောင်ရွက်ခဲ့သည်ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ကျွန်တော်တို့ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ခြင်ဆေးဖြန်းတာကို နှစ်စဉ်နှစ်တိုင်းလိုလို ကူညီဆောင်ရွက်ပေးတယ်။ ခြင်ဆေးဖြန်းတာတစ်ခုတည်းတော့မဟုတ်ဘူး။ အကူညီတောင်းခံလာတဲ့ ကိစ္စတိုင်းကိုတော့လိုက်လုပ်ပေးနေပါတယ်။ ရပ်ကွက်လိုက်လုပ်ပေးသွားဖို့တော့အစီအစဉ်မရှိဘူး။ အကူညီတောင်းလာရင် ကူညီဆောင်ရွက်ပေးမှာပါ" ဟု ပြောသည်။



ခြင်ဆေးဖြန်းရာ၌လည်း ခြင်ပေါက်ဖွားနိုင်ခြေရှိသော ရေအိုင်များ၊ ရေတွင်းရေကန်များကို ဆေးဖြန်းပေးခြင်းဖြစ်သည်ဟု ဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ရေကြည်၊ ရေကြိုင်များတွင် ပေါက်ဖွားသည့် ခြင်ကျားများ အကိုက်ခံရခြင်းမှ တစ်ဆင့်ဖြစ်ပွားတတ်ခြင်းဖြစ်ပြီး ပြင်းထန်စွာဖြစ်ပွားပါက လူကိုသေစေနိုင်သည့် ရောဂါဖြစ်သည်ဟု သိရသည်။

ယင်းကြောင့် ခြင်ကိုက်မခံရအောင်နှင့် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကိုလိုက်နာရန်လိုအပ်လှသည်ဟု သူက ဆက်ပြောသည်။

ရခိုင်တွင် သွေးလွန်တုတ်ကွေးရောဂါကြောင့် အသက်(၁၅)နှစ်အောက် ကလေးငယ် (၅)ဦးအထိ သေဆုံးမှုရှိလာနေသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာမှ အသက်(၈)နှစ်အရွယ် ၃ တန်းကျောင်းသူ မဆွေဆွေဦးသည်လည်း ဇူလိုင်လ ၁၅ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်က သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတော်ကျေးရွာမှ အလယ်တန်းတက်ရောက်နေသည့် အသက်(၁၃)အရွယ်အမျိုးသမီးငယ်တစ်ဦးနှင့် မြတ်လှဲကယ်ဆယ်ရေးစခန်းမှ အသက် ၁ နှစ်ကျော်အရွယ် ယောကျာ်းလေးတစ်ဦးတို့မှာ သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးသွားခဲ့သည်။

တောင်ကုတ်မြို့နယ်၊ ဖောင်းခါးကျေးရွာမှ အသက် (၁၃) နှစ်အရွယ် မောင်စိုးဇေယျာဖြိုးမှာလည်း ရုတ်တရက်နေထိုင်မကောင်းဖြစ်၍ ရန်ကုန်ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေစဉ် ဇူလိုင်လ ၁၀ ရက်တွင်သေဆုံးခဲ့ပြီး ၄င်းမှာလည်း သွေးလွန်တုပ်ကွေးရောဂါဖြစ်၍ သေဆုံးရခြင်းဟု တာဝန်ကျဆရာဝန်ကပြောဆိုကြောင်း အစ်ကိုဖြစ်သူက နိရဥ္စရာသို့ပြောသည်။

ဇူလိုင် ၇ ရက်ကလည်း မြေပုံမြို့နယ်၊ ညောင်တောကျေးရွာမှ အသက် ၅ နှစ်အရွယ် မသဇင်ဖြိုးမှာ ရုတ်တရက်ကိုယ်ပူရှိန်မြင့်အဖျားဝင်ကာ ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့ရပြီး သွေးလွန်တုပ်ကွေးကြောင့်ဟု ဆရာဝန်ကပြောဆိုကြောင်း ကျေးရွာသားများက ပြောသည်။

ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းပြီးနောက် တောရော၊ မြို့ပါ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများပြားလာနေကြောင်း ဒေသခံများက ပြောသည်။

အထူးသဖြင့် မုန်တိုင်းသင့်မြို့နယ်များတွင် ဒီရေနှင့်အတူပါလာသည့် အမှိုက်သရိုက်များက မြို့တွင်းရေစီးရေလာ လမ်းကြောင်းများကို ပိတ်ဆို့မှု၊ အဆိုပါပိတ်ဆို့နေသည့်ရေမြောင်းများကို မရှင်းလင်းမှုများကြောင့် ခြင်ပေါက်ဖွားမှု ပိုများလာပြီး ခြင်မှတဆင့်ဖြစ်ပွားသည့် ရောဂါများလည်းဖြစ်နေရကြောင်း ဒေသခံများက ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိ သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ၉၀၀ ကျော်ရှိခဲ့သည်ဟု သိရသည်။

၂၀၁၇ ခုနှစ်ကဆိုလျှင် ရခိုင်တွင် သွေးလွန်တုတ်ကွေးရောဂါအဖြစ်များခဲ့ပြီး သေဆုံးသူ ၂၇ ဦးအထိ ရှိခဲ့သည်ဟု ပြည်နယ်ကျန်းမားရေးဌာနစာရင်းများအရ သိရသည်။ (NN- 12)

ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ