အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ဂွမြို့ လေအားလျှပ်စစ်စီမံကိန်း ပထမအဆင့်တွင် လေရဟတ် ၁၀ ခုကို ၁၈ လအတွင်း တည်ဆောက်မည်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၅ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 557

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် တည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်းတွင် ပထမအဆင့်အနေဖြင့် လေရဟတ် ၁၀ ခုကို (၁၈) လအတွင်း တည်ဆောက်ရန် သတ်မှတ်ထားကြောင်း သိရသည်။

၎င်းလေရဟတ် ၁၀ခုမှ လေရဟတ်တစ်ခုလျှင် ၄ မဂ္ဂါဝပ်စီလျှပ်စစ် ပထမအဆင့် မဂ္ဂါဝပ် ၄၀ ထုတ်လုပ်မည်ဟု သိရသည်။

ဂွမြို့မိမြို့ဖတစ်ဦးက "စီမံကိန်းရဲ့ပထမအဖြတ်အနေနဲ့ လေရဟတ် (၁၀)ခု တည်ဆောက်မယ်လို့ သိရတယ်။ လာမယ့်ဒီဇင်ဘာလမှာစမှာပေါ့" ဟု ပြောသည်။

လေအားလျှပ်စစ်စီမံကိန်း၏ ပထမအဆင့်ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၀ ကို ဂွမြို့လျှပ်စစ်ဓာတ်အားခွဲရုံအတွက် တိုက်ရိုက်ဖြည့်တင်းပေးမည်ဟု သိထားရကြောင်း သူက ပြောသည်။

"စီမံကိန်းက ပထမဆုံးရတဲ့ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၀ ကို ဂွဓာတ်အားခွဲရုံအတွက် ဖြည့်ပေးမှာပါ။ စီမံကိန်း ဒုတိယအဆင့် မဂ္ဂါဝပ် ၆၀ ကိုတော့ မဟာဓာတ်အားလိုင်းကိုပို့ကြမှာပါ" ဟု ပြောသည်။

ရခိုင်ပြည်နယ်ထဲမှ သံတွဲ၊ ဂွနှင့် အမ်းမြို့နယ်တို့တွင် လေအားလျှပ်စစ် ထုတ်လုပ်မည့် စီမံကိန်း သဘောတူစာချုပ်ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနနှင့် တရုတ်-ဟောင်ကောင်-မြန်မာ ကုမ္ပဏီတို့ ပြီးခဲ့သည့် မတ်လ ၁ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ကြသည်။

အဆိုပါ စီမံကိန်းစာချုပ်အရ မြန်မာပိုင် Primus Advanced Technologies Limited ၊ ဟောင်ကောင်အခြေစိုက် Asia Eco-energy Development Limited, တရုတ်ပိုင် Yunnan Machinery and Equipment Import and Export Co., Ltd. တို့မှ လေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

စာချုပ်သဘောတူညီချက်အရ ဂွမြို့နယ်တွင် မဂ္ဂါဝပ်  ၁၀၀ ၊ အမ်းမြို့နယ်တွင် မဂ္ဂါဝပ် ၁၅၀ ၊ သံတွဲမြို့နယ်တွင် မဂ္ဂါဝပ်  ၁၁၀ ထုတ်လုပ်ရန် သတ်မှတ်ထားသည်။

လေအားလျှပ်စစ်မဂ္ဂါဝပ် ၁၀၀ ခန့်ထုတ်ယူမည့် ဂွမြို့နယ်စီမံကိန်း၏ ပထမအဆင့်ကို ခမရ ၅၆၃ တပ်ရင်း၏အနောက်ဘက် ၅ မိုင် ခန့်အကွာတွင် ရှိသည့် ဒေသအခေါ် လေကာတောင်ပေါ်တွင် တည်ဆောက်သွားမည်ဟု သိရသည်။

ရခိုင်မြို့နယ်သုံးခုတွင် စစ်ကောင်စီက အကောင် အထည်ဖော်တည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်းများမှာ ဒေသအတွက် အကျိုးပြုမှုရှိ/မရှိ
စောင့်ကြည့်သင့်ကြောင်း ရခိုင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများနှင့် မြို့ခံများက ပြောဆိုကြသည်။

ရခိုင်ဒေသတွင် ယခင်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ရေအားလျှပ်စစ် စီမံကိန်းများကဲ့သို့သော စွမ်းအင်စီမံကိန်းများမှာ ဒေသအတွက် အကျိုးပြုမှုမရှိသလောက် နည်းပါးသောကြောင့် ယခုလေအားလျှပ်စစ် စီမံကိန်းကိုလည်း စောင့်ကြည့်သင့်ကြောင်း မြို့ခံများက ပြောသည်။
 

ဆက်စပ် သတင်းများ