တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

မြို့တွင်းလူနေထူထပ်လာသည့်အတွက် အကောင်အထည်ဖော်မည့် မြောက်ဦးမြို့သစ်စီမံကိန်း စစ်ကောင်စီလက်ထက်တွင် မရေရာမသေချာဖြစ်နေ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၅ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 797

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များပေါများသည့် မြောက်ဦးမြို့ပေါ်တွင် လူနေထူထပ်လာသဖြင့် ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က စီစဉ်ခဲ့သည့် မြို့သစ်ဖော်ဆောင်မည့် လုပ်ငန်းစဉ်မှာ စစ်ကောင်စီလက်ထက်တွင် မရေမရာမသေချာ ဖြစ်နေသည်ဟု သတင်းရရှိသည်။ 

မြောက်ဦးမြို့ပေါ်တွင် ရှေးဟောင်းအမွေအနှစ်များ တည်ရှိသည့်နေရာအထိ တိုးချဲ့ အိမ်ယာများ ဖော်ထုတ်နေထိုင်လာမှုများရှိနေသဖြင့် ၎င်းကို လျော့ချနိုင်ရန်  ရည်ရွယ်ချက်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က မြောက်ဦးမြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရန်  စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

၎င်းမြောက်ဦးမြို့သစ်စီမံကိန်းကို မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ရှိ ရန်ကုန်-စစ်တွေကားလမ်းအနီး မောင်ရွှီကန်ကျေးရွာနှင့် အုပ်ဖိုကန်ကျေးရွာတို့မှ လယ်သမား ၆၅ ဦး ပိုင်ဆိုင်သည့် လယ်မြေဧကပေါင်း ၄ဝဝ ကျော်ခန့်တွင် အကောင်အထည်ဖော်ရန် NLD က စီစဉ်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် စတင်ဆောင်ရွက်ခဲ့ချိန်ကပင် ယခု လက်ရှိအချိန်အထိ ရပ်တန့်နေသလို သတင်း အစအနလည်း မကြားရသေးဟု မြောက်ဦးမြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

"အဲ့ဒါတွေနဲ့ပတ်သက်ပြီး ခု လုံးဝသတင်းမကြားရတော့ဘူး။ ပြန်လို့လုပ်မယ့်အစီစဉ်တွေလည်း မကြားမိဘူး။ CSO အဖွဲ့အစည်းတွေကိုခေါ်ပြီး ဆွေးနွေးတာမျိုးလည်း မရှိဘူး"ဟု ပြောသည်။

အဆိုပါမြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ခြင်းဖြင့်  မြောက်ဦးမြို့ကို ယူနက်စကို ဝင်စာရင်းဝင်ရောက်နိုင်ရေးနှင့် မြောက်ဦးမြို့အတွင်းရှိ ရှေးဟောင်း ဘုရားပုထိုးစေတီများနှင့် မလွတ်ကင်းသည့်နေရာများမှ နေအိမ်များကို ဖယ်ရှားနိုင်မည်ဟု ဒေသခံများက ပြောဆိုသည်။



လက်ရှိတွင် မြောက်ဦးမြို့ပေါ်သို့ ပြောင်းရွေ့နေထိုင်လာကြသူ များပြားလာသောကြောင့် လူဦးရေလည်း တဖြည်းဖြည်းထူထပ်လာနေသလို ရှေးဟောင်းနယ်မြေတွင် ကျူးကျော်အိမ်များလည်း ပိုမို များပြားလာသောကြောင့် မြို့သစ်စီမံကိန်းသည် အရေးပါသောလိုအပ်ချက်တစ်ခုဖြစ်သည်ဟု မြောက်ဦးမြို့၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်းက နိရဥ္စရာကို ပြောသည်။

"မြို့သစ်စီမံကိန်းကို ဆောလျင်စွာဖော်ထုတ်နိုင်ရင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ကျူးကျော် ဝင်ရောက်မှုတွေ တော်တော်ရပ်သွားမယ်ထင်တယ်။ အဲဒါကြောင့် ရှေးဟောင်းအမွေအနှစ်တွေကို ကာကွယ်စောင့်ရှောက်တဲ့အနေနဲ့ မြို့သစ်စီမံကိန်းကို အစောဆုံးလုပ်ပေးရင်ပိုကောင်းမယ်လို့ ဆရာမအနေနဲ့သုံးသပ်ပါတယ်" ဟုပြောသည်။

ယင်းမြို့သစ်စီမံကိန်းသည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများနှင့်လည်း လွတ်ကင်းသည့်အတွက် လူနေအိမ်အဆောက်အအုံများကို လွတ်လပ်စွာဆောက်လုပ်နိုင်သောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် မြို့သစ်စီမံကိန်းကိုအမြန်ဆုံး ဖော်ထုတ်ပေးစေချင်သည်ဟုလည်း မြောက်ဦးမြို့ခံ ဦးစံလှက နိရဥ္စရာကို ပြောသည်။

"စီမံကိန်းက ကောင်းကျိုးတွေရှိတယ်။ မြို့သစ်စီမံကိန်းကို အားတက်သရော ဖော်ထုတ် ပေးစေချင်ပါတယ်" ဟုပြောသည်။

အဆိုပါမြို့သစ်စီမံကိန်းနှင့်ပတ်သက်ပြီး သိရှိနိုင်ရန်  မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးစိုးသက်နှင့် ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ပြောခွင့်ရသူ ဦးလှသိန်းတို့အား နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပါ။

ရပ်တန့်နေသည့်မြောက်ဦးမြို့သစ်စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် ပြည်နယ်အစိုးရမှ တဆင့် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုတစ်ရပ်ကိုလည်း ၂ဝ၁၇ ခုနှစ်၊ ဇွန်လ ၂၈ ရက်ကကျင်းပသည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်း တောင်းဆိုခဲ့သေးသည်။ (NN-11)

ဆက်စပ် သတင်းများ