တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

ထောင်ထဲ တစ်နေ့ ၆နာရီထိုင်ခိုင်းထား၍ အသက်ကြီးရင့်သူ ဒေါ်ညိုအေးကျန်းမာရေးထိခိုက်မှုရှိနေ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 841

အမျိုးသမီးအရေး လှုပ်ရှားတက်ကြွသူ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို စစ်တွေထောင်ထဲတွင် တစ်နေ့ ၆ နာရီထိုင်ခိုင်းထား၍ အသက်ကြီးရင့်နေသည့်သူမအတွက် ကျန်းမာရေးထိခိုက်မှုရှိနေသည်ဟု ဒေါ်ညိုအေးက ပြောသည်။

"ထောင်မှာက အရင်တုန်းကနဲ့မတူတော့ဘူး။ မူဝါဒတွေပြောင်းလဲသွားတယ်။ တစ်နေ့မှာ ၆ နာရီထိုင်ခိုင်းထားလို့ ကျမအတွက် အဆင်မပြေဘူး။ ကျွန်မက တစ်နေ့လုံး လှုပ်ရှားသွားလာနေတဲ့ လမ်းလျှောက်နေတဲ့သူလေ။ ထောင်ထဲမှာ ကျွန်မကထိုင်နေလို့ အဆင်မပြေဘူး။ လမ်းလျှောက်နေပါရစေ။ အသက်လည်းကြီးနေပြီဆိုတာကို ပြောမရဘူး။ အထဲကမိန်းမနှစ်ဦး ပြောရလက်ပေါက်ကပ်ပြီး အရမ်းဆိုးတယ်" ဟု ပြောသည်။

ယနေ့ စက်တင်ဘာလ ၁၈ ရက်၊ မွန်းလွဲပိုင်းက ဒေါ်ညိုအေးကို စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးစဉ် သွေးတိုးရောဂါဆိုးဝါးလာ၍ တရားရေးတာဝန်ရှိသူများက စစ်တွေဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခိုင်းခဲ့ရသည်။

ဆေးရုံအတွင်း ဓာတ်မှန်လည်း ရိုက်ယူခဲ့ရပြီး ဓာတ်မှန်ရိုက်၍ ပြန်ထွက်လာချိန်တွင် ဒေါ်ညိုအေးက နိရဥ္စရာသတင်းဌာနကို အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ဒေါ်ညိုအေးမှာ သွေးတိုးပြီး ကျန်းမာရေးထိခိုက်နေသည့်အတွက် သောက်နေကျဆေးများကို အိမ်မှပို့ပေးသော်လည်း အကျဉ်းထောင်အတွင်း သောက်ခွင့်မရဟု နိရဥ္စရာသတင်းဌာနကို ဆက်ပြောခဲ့သည်။

"ဆေးတွေက သောက်ခွင့်မပေးဘူး။ အထဲကို ဘာမှ ယူဆောင်ခွင့်လည်း မရှိဘူး။ မနက် ဆေးသောက်ချိန်ဆိုရင်တော့ သူတို့ဆီက ဆေးလာပေးတယ်။ သောက်နေကျဆေးနဲ့ပဲ ကျွန်မသွေးတိုးရောဂါက သက်သာတာလေ။ ဒီနေ့ဆို သွေးတိုးတာ အထက်သွေး ၂၀၀ နဲ့ အောက်သွေး ၁၀၀ အထိပဲ။ ဘယ်သူ့ကိုမှ မှန်းမရဘူး။ ဝါးပြီးတော့ လူတွေအကုန်လုံး နှစ်ထပ် သုံးထပ်ဖြစ်နေသလို မြင်နေရတယ်"ဟု ပြောသည်။

ဒေါ်ညိုအေးသည် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်၊ နေ့လယ်ပိုင်းတွင် စစ်တွေရှိ ရခိုင်အမျိုးသမီး ကွန်ရက်ရုံးမှတဆင့် ရဲတပ်ဖွဲ့ ၏ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

သူမသည် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်က စစ်တွေရှိ စစ်တွေကျောင်းသားသမဂ္ဂရုံးတွင် စစ်တွေကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့သော ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့၍ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးပြီးနောက် သူမကို ပုဒ်မ ၅ဝ၅(ခ)ဖြင့် အမှတ်(၁)ရဲစခန်းမှူးက တရားလိုပြုလုပ်ကာအမှုဖွင့်ပြီး စစ်တွေထောင်အချုပ်သို့ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်သည်။

ပုဒ်မ ၅ဝ၅(ခ)သည် ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ဒေါ်ညိုအေးကို ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး ယနေ့ စက်တင်ဘာလ ၁၈ ရက်တွင် တတိယအကြိမ်ရုံးထုတ်ရန် ရုံးထုတ်စစ်ဆေးရာ၌ သွေးတိုးရောဂါဆိုးဝါးလာ၍ ဆေးရုံးသို့ အရေးပေါ်ပို့ဆောင်လိုက်ရခြင်းဖြစ်သည်။ 

ဓာတ်ပုံ - ဒေါ်ညိုအေးအား စစ်တွေဆေးရုံတွင် စက်တင်ဘာ ၁၈ ရက်၊ မွန်းလွဲပိုင်းက တွေ့ရစဉ်။

ဆက်စပ် သတင်းများ