တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

တိုက်ပွဲမရှိ ငြိမ်းချမ်းနေသဖြင့် ရခိုင်တွင် ယခုနှစ်ပွင့်လင်းရာသီ၌ကပြမည့် ဇာတ်သဘင် ၂၀ ခန့် ထိတိုးလာ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

(ဇာတ်တိုက်လေ့ကျင့်မှု အပြိုင်အဆိုင်ပြုလုပ်နေ)

တိုက်ပွဲမရှိဘဲ ငြိမ်းချမ်းနေသော ရခိုင်ပြည်နယ်တွင် ပွင့်လင်းရာသီ၌ ကပြမည့် ဇာတ်သဘင် ၂၀ ခန့် အထိ တိုးလာသည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးထွန်းအေးက “ ရခိုင်မှာ မနှစ်က ဇာတ်သဘင်အဖွဲ့ ၁၃ ခုရှိခဲ့ ပေမယ့် ဒီနှစ်မှာတော့ ထပ်တိုးလာခဲ့တဲ့ အတွက် ဇာတ်အဖွဲ့ ၂ဝ  အထိ ရှိလာနေပါတယ်။ ပွင့်လင်းရာသီလည်း နီးလာပြီဆိုတော့ အပြိုင်အဆိုင်ပါပဲ” ဟု ပြောသည်။

ပွင့်လင်းရာသီဖြစ်သည့် တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ၊ တပေါင်းစသည့် ရာသီအချိန်မျိုးတွင် ရခိုင်ပြည်၌ဘုရားပွဲများရှိသည့်အတွက် အဆိုပါပွဲများတွင် ကပြဖြေဖျော်နိုင်ရန် ယခုကတည်းက ဇာတ်တိုက်ခြင်း၊ တီးလုံးတိုက်ခြင်း၊ ပြဇာတ်နှင့် အငြိမ့်အကတိုက်ခြင်းတို့ကို ကြိုတင်ပြုလုပ်နေခြင်းဖြစ်သည်။

အာရကန်မိုးချစ်ဇာတ်သဘင်မှ ပိုင်ရှင် ဦးလှမောင်ထွန်းက "အခုက မိုးတွင်းလည်းကုန်ခါနီးပြီဆိုတော့ ကြိုတင်ပြင်ဆင်တဲ့အပိုင်းတွေလည်း ပြီးနေပြီပေါ့။ ဒီအချိန်လောက်ဆိုရင်တော့ ဇာတ်သဘင်တွေ အားလုံးက မြေပြင်ဆင်းဖို့ အဆင့်အသင့်ဖြစ်နေကြပါပြီ။ သီတင်းကျွတ်ပြီးရင်တော့ ပွဲငှားတွေ ရှိတယ်”ဟု ပြောသည်။

သို့အတွက် အပြိုင်အဆိုင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေသည်ဟု ဆက်လက်ပြောဆိုသည်။

“ အခုပြင်ဆင်မှုတွေက အဆင်သင့်ဖြစ်နေပြီဆိုတော့  မြေပြင်ဆင်းပြီး ဖျော်ဖြေလို့ရပါပြီ။ ဇာတ်သဘင် အနုပညာအလုပ်ဆိုတာက အချိန်အကြာကြီး ယူပြီး ကြိုတင်ပြင်ဆင်ရတဲ့အလုပ်ဖြစ်တယ်လေ။ ကြိုတင် ပြင်ဆင်လေ့ကျင့်မှုတွေမရှိဘဲ ဒီအတိုင်း ထကလို့ရတာမှမဟုတ်တာ။ ဒီတော့ ကြိုတင် ပြင်ဆင်ရတာပေါ့"ဟု ပြောသည်။



ပွင့်လင်းရာသီတွင် ကပြဖျော်ဖြေနိုင်ရန်အတွက် မိုးတွင်းကာလတစ်လျှောက်လုံး အကလေ့ကျင့်ခြင်း၊ ဇာတ်တိုက်ခြင်းများကို နေ့စဉ်ရက်ဆက် ကြိုတင်ပြင်ဆင်နေပြီး သီတင်းကျွတ်လွန်လျှင် မြေပြင်ဆင်း၍ ကပြဖျော်ဖြေကြရတော့မည်ဟုလည်း  စိန်ရွှေရတနာ ဇာတ်သဘင်မှ မန်နေဂျာ ဦးအောင်ထူးက ပြောသည်။

"ကြိုတင်ပြင်ဆင်တဲ့အခါတော့ အခက်အခဲတွေသိပ်မရှိဘူး။ ကိုယ့်ရဲ့ဇာတ်မှာလိုအပ်တဲ့ သူတွေကို ငှားတယ်။ သူတို့တောင်းတဲ့ အခကြေးကိုပေးရတယ်။ မပေးနိုင်ရင် ကိုယ်ပေးနိုင်တဲ့ အခကြေးနဲ့ရမယ့်သူ နောက်တစ်ယောက်ထပ်ငှားရတာတို့တော့ နည်းနည်းအခက်အခဲရှိတယ်။ အခုက မိုးကုန်ပြီဆိုတော့ ကြိုတင်ပြင်ဆင် ဇာတ်တိုက်တာတွေက အဆင်အသင့်ဖြစ်နေကြပါပြီ"ဟု ပြောသည်။

ရခိုင်တွင်ဇာတ်သဘင်များသည် ပုံမှန်ဆိုလျှင် ပွင့်လင်းရာသီများဖြစ်သည့် အောက်တိုဘာလမှ ဧပြီလအထိ ကပြဖြေဖျော်တတ်ကြကြောင်း သိရသည်။

ဇာတ်ပိုင်ရှင်များသည် ဘုရားပွဲဆိုလျှင် ပွဲခ ကျပ် ၂၅ သိန်းအထိရရှိပြီး ရုံပွဲဆိုလျှင် ကျပ် ၁၈ သိန်းမှ ၁၉ သိန်းအထိရရှိသည်ဟု ဆိုသည်။

စိန်ရွှေရတနာ ဇာတ်သဘင်မှ မန်နေဂျာ ဦးအောင်ထူးက "အခုက ကြိုတင်ပြင်ဆင်မှုတွေတော့ လုပ်နေတယ်။ ဒါပေမဲ့ ဒီနှစ် ကပြဖျော်ဖြေခွင့်ရမလား။ မရဘူးလားဆိုတာတော့ မသေချာသေးဘူးပေါ့နော်။ သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေကိုတော့ ကပြဖျော်ဖြေခွင့်ရဖို့ တောင်းဆိုထားတာတွေတော့ရှိတယ်။ ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ ပြောလို့မရသေးဘူး" ဟု ပြောသည်။



ပြီးခဲ့သည့်နှစ်ပွင့်လင်းရာသီက ရခိုင်မှဇာတ်သဘင်များကို မြို့ပေါ်တွင် ကပြဖြေဖျော်ခွင့်ကို စစ်ကောင်စီတာဝန်ရှိသူများက ပိတ်ပင်ထားခဲ့၍ လုပ်ငန်းရပ်နားထားရသည်အထိ အခက်အခဲကြုံတွေ့ခဲ့ကြရသည်ဟု ဇာတ်ပိုင်ရှင်များက ပြောသည်။

ယင်းသို့ မြို့ပေါ်တွင် ကပြဖြေဖျော်ခွင့်မရကြ၍ ကျေးလက်တောရွာများတွင်သာ အခက်အခဲ အမျိုးမျိုးကြားမှ သွားရောက်ကပြခဲ့ကြရသည်ဟု သိရသည်။

ကျေးလက်များကိုသွားရောက်ကပြကြရာတွင်လည်း လမ်းခရီးမကောင်း၍ သွားလာရက်ခက်ခဲပြီး စရိတ်စခများလည်း များပြားကာ အကုန်အကျများရှိခဲ့သည်ဟု သိရသည်။

ယင်းအပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲနီးနေချိန်များတွင် ဇာတ်သဘင်များကို ရက်ပေါင်း တစ်ဆယ်ကျော်ကြာသည့်တိုင်အောင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)က ကပြခွင့်မပေးဘဲ ရပ်နားခိုင်းထားသည့် အတွက် ဇာတ်ပိုင်ရှင်များမှာ အခက်အခဲများရှိခဲ့ကြသည်ဟုလည်း သိရသည်။

ရခိုင်တွင် ၂ဝ၁၈ ခုနှစ်မှစတင်ကာ တိုက်ပွဲများပြင်းထန်ခဲ့မှုနှင့် ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့မှုတို့ကြောင့် ၃ နှစ်ခန့် ကပြဖြေဖျော်ခွင့်မရခဲ့၍ အခက်အခဲအကျပ်အတည်း များစွာဖြစ်ပေါ်ခဲ့ကာ တစ်ချို့ဇာတ်သဘင်များမှာ ရပ်နားထားသည်အထိ ဖြစ်ခဲ့ရဟုလည်း ဇာတ်သဘင်အသိုင်းအဝိုင်းမှ သိရသည်။
ဓာတ်ပုံ - Kyaw Than Soe and Narinjara News

ဆက်စပ် သတင်းများ