တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်မြို့ပေါ်က နေအိမ် ၇ လုံးကို စစ်ကောင်စီက စက်ယန္တရားများဖြင့် အင်အားသုံးဖြိုဖျက်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ကိုင်းရှည်ရပ်ကွက်မှ နေအိမ် ၇ လုံးကို ကျူးကျော်မြေတွင် ဆောက်လုပ်နေထိုင်သည်ဟုဆိုကာ စစ်ကောင်စီ တာဝန်ရှိသူများက ယနေ့မနက်ပိုင်းမှ စပြီး စက်ယန္တရားကြီးများဖြင့် အင်အားသုံးဖြိုဖျက်နေကြောင်း သတင်းရရှိသည်။

အင်အားသုံးဖြိုဖျက်ခံနေရသည့်နေအိမ်များမှာ ကိုင်းရှည်ရပ်ကွက်၊တာဝတိသာလမ်းအစွန်ဆုံးမှ နေအိမ်များဖြစ်ပြီး စည်ပင်သာယာအဖွဲ့က နေအိမ်များကိုဖယ်ရှားပေးရန် အမိန့်ထုတ်ထားသည့် နေအိမ်များဖြစ်ကြောင်းသိရသည်။

ယနေ့အောက်တိုဘာလ ၂၂ ရက်၊မနက်ပိုင်းတွင် အဆိုပါနေအိမ် ၇ လုံးကို တောင်ကုတ်မြို့ စည်ပင်သာယာဦးစီး ဦးမောင်စိန်ကဦးဆောင် မီးသတ်၊စည်ပင်အဖွဲ့ဝင်များ စက်ယန္တရားမောင်းသည့် အလုပ်သမားများက ဘက်ဟိုးဖြင့် ထိုးဖျက်ဖယ်ရှားနေခြင်းဖြစ်ကြောင်း နေအိမ်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

" မနက်ပိုင်းက လာပြီးတော့စက်ယန္တရားတွေနဲ့ အကုန်ဖြိုနေတာပါ။ အင်အားသုံးပြီး ဖြိုဖျက် လာနိုင်တယ် ထင်လို့ တံခါးကျည်းဘောင်တွေရသမျှပြန် ဖြုတ်ထားလိုက်တယ်။ တိုက်တွေ၊ အုတ်စီထားတာတွေကအစ အကုန်ဘက်ဟိုးနဲ့ထိုးပြီးဖြိုနေကြတယ်" ဟု သူကပြောသည်။



အဆိုပါနေအိမ်များကိုဖြိုဖျက်ရန် မြို့နယ်စည်ပင်အရာရှိများ၊ မီးသတ်တပ်ဖွဲ့ဝင်များအပြင် ရဲတပ်ဖွဲ့ အချုပ်ကားများလည်း ခေါ်ယူလာပြီး နေအိမ်များကို အကြမ်းပတမ်း အင်အားသုံးဖြိုဖျက်နေသဖြင့်  အထူးစိတ်မကောင်း ဖြစ်ရသည်ဟု သူကပြောသည်။

" ရဲအချုပ်ကားတစ်စီးလည်းပါတယ်။ အိမ်တွေကတော့ ဓာတ်ပုံထဲမှာမြင်တဲ့ အတိုင်းပဲ။ အကုန်လုံး ဖြိုလိုက်ကြတာ။ ကိုယ့်အိမ်ကို ဖြိုဖျက်နေတာကိုတောင် ဓာတ်ပုံမှတ်တမ်း မယူရဘူး။ ဓာတ်ပုံရိုက်ရင် ဖုန်းတွေသိမ်းတယ်" ဟု သူကပြောသည်။

ယခုစစ်ကောင်စီက အင်အားသုံးဖြိုဖျက်နေသည့် နေအိမ်နှင့်ခြံမြေများ၏တန်ဖိုးမှာ ခေတ်ကာလ ပေါက်ဈေးအရ တစ်အိမ်ကိုကျပ်သိန်း ၁၀၀၀ နီးပါးထိရှိကြောင်း နေအိမ်ပိုင်ရှင်များက နိရဉ္စသတင်းဌာနသို့ပြောသည်။

အဆိုပါမြေနေရာများကို ပြီးခဲ့သည့်ဆယ်နှစ်ခန့်လောက်က မြေပိုင်ရှင်တစ်ဦးက ဘိုးဘွားပိုင်မြေ ဖြစ်သည့်အတွက် ပြန်လည်ရောင်းချခဲ့ရာမှ ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း နေအိမ်ပိုင်ရှင်များက ပြောသည်။


ယခု​ဖြိုဖျက်ခံနေရသည့်နေအိမ်များမှာ စည်ပင်အဖွဲ့က အိမ်အခွန်များပုံမှန်ကောက်ခံခဲ့သည့် နေအိမ်များဖြစ်ကြောင်းလည်း နေအိမ်ပိုင်ရှင်အမျိုးသားတစ်ဦးကပြောသည်။

ယခုကဲ့သို့ ပြည်သူများ၏နေအိမ်များကို နိုင်ထက်စီးနင်းဆန်ဆန် အင်အားသုံးဖြိုဖျက်ခြင်းမှာ စစ်ကောင်စီ၏ အာဏာရှင် လုပ်ရပ်ဖြစ်ပြီး ပြည်သူများ၏ လူနေမှုဘဝကို နိမ့်သထက်နိမ့်အောင် ပြုလုပ်နေခြင်းဖြစ်ကြောင်း နေအိမ်များဖြိုဖျက်နေသည်ကိုသွားရောက်ကြည့်ရှုခဲ့သည့် တောင်ကုတ်မြို့ခံ လူမှုရေးတက်ကြွလှုပ်ရှားသူလူငယ်တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

" သူတို့(စစ်ကောင်စီ)ရဲ့ အာဏာရှင်လုပ်ရပ်လို့မြင်ပါတယ်။ ပြည်သူတွေရဲ့ ချွေးနဲ့မျက်ရည်တွေကို ကိုယ်ချင်းမစာဘူး" ဟု သူကပြောသည်

နေအိမ်များကို ဖြိုဖျက်ခံနေရမှုကို မှတ်တမ်းဓာတ်ပုံယူသည့်အိမ်ပိုင်ရှင်များအား ဖုန်းများ သိမ်းနေခြင်းမှာလည်း အလွန်တရာအောက်တန်းကျပြီး မရိုးသားသည့်လုပ်ရပ်ဖြစ်ကြောင်း​​သူကဝေဖန်ပြောဆိုသည်။

လက်ရှိဖြိုဖျက်ခံနေရသည့်နေအိမ်များကို ကျူးကျော်မြေတွင် ဆောက်လုပ်နေထိုင်သည်ဟု ဆိုကာ  နေရာမှဖယ်ရှားပေးရန် တောင်ကုတ်မြို့ စည်ပင်သာယာအဖွဲ့က ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့စွဲဖြင့် အမိန့်ထုတ်ညွှန်ကြားခဲ့သည်။

ယင်းနောက် စက်တင်ဘာလ ၃၀ ရက်မနက်ပိုင်းတွင် ကျူးကျော်အိမ်များတွင် လျှပ်စစ်မီတာ ဘောက်တပ်ခွင့် မရှိဟုဆိုကာ စည်ပင်အဖွဲ့ကဦးဆောင်ကာ လျှပ်စစ်ဝန်ထမ်းများဖြင့်လာရောက်ပြီး မီတာပုံးများကိုပြန်ဖြုတ်သိမ်းသွားခဲ့သည်။

လက်ရှိတွင် တိုက်အိမ်များကို ဘက်ဟိုးစက်ယန္တရားများဖြင့် ယနေ့ နံနက် ၁၁ နာရီကျော်ထိ  ဖြိုဖျက်နေဆဲဖြစ်ပြီး သစ်သား နေအိမ်ပိုင်ရှင်တချို့မှာ သစ်များမပျက်စီးရအောင် ၄င်းတို့ ကိုယ်တိုင်နေအိမ်ကို အလျင်အမြန် ဖြိုဖျက်နေကြရသည်။

ယခုကဲ့သို့ ပြည်သူများ၏နေအိမ်များကို အင်အားသုံးဖြိုဖျက်နေမှုနှင့်ပတ်သက်၍ တောင်ကုတ်မြို့စည်ပင်သာယာဦးစီး ဦးမောင်စိန်ကို နိရဥ္စရာကဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပေ။

ပြီးခဲ့သည့် ဇွန်လကလည်း အဆိုပါနေအိမ်များကိုဖယ်ရှားရန် စည်ပင်ကညွှန်ကြားခြင်းအပေါ် မေးမြန်းလို၍ စည်ပင်ဦးစီး ဦးမောင်စိန်ထံ နိရဥ္စရာသတင်းဌာနက ဆက်သွယ်ခဲ့စဥ်ကလည်း သတင်းဌာနကပါဆိုသည်နှင့် ဖုန်းချသွားခဲ့သည်။

စစ်ကောင်စီသည် တောင်ကုတ်အပါအဝင် ၊စစ်တွေ၊အမ်း၊သံတွဲ၊ဂွမြို့နယ်များတွင်လည်း နေအိမ်ထောင်ချီကို လမ်းဧရိယာ ပေ ၁၅၀ မှလွတ်သည် အထိဖယ်ရှားပေးရန် အမိန့်ထုတ်ညွှန်ကြားမှုများရှိနေပြီး စစ်တွေနှင့်တောင်ကုတ်တွင်မူ စက်ယန္တရားများသုံး၍ စားသောက်ဆိုင်များ ၊နေအိမ်များကိုအင်အားသုံးဖယ်ရှားလာခြင်းဖြစ်သည်။(NN-23)

ဆက်စပ် သတင်းများ