ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

DMG သတင်းဌာနရုံး ဝင်ရောက်စီးနင်းခံရပြီးနောက် ရခိုင်မှ သတင်းသမားများ၏ လုံခြုံရေး စိုးရိမ်စရာဖြစ်လာ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၃၀ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.2k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Development Media Group (DMG) သတင်းဌာနရုံးခန်းကို ယမန်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ပြီး သတင်းထောက်တစ်ဦးနှင့် ညစောင့်တစ်ဦးတို့ကို ဖမ်းဆီးခဲ့ပြီးနောက် ရခိုင်မှသတင်းထောက်များ၏ လုံခြုံရေးမှာ အထူးစိုးရိမ်စရာ ဖြစ်လာကြောင်း ရခိုင်အခြေစိုက် သတင်းသမားများက ပြောသည်။

စစ်ကောင်စီသည်  DMG ရုံးကို ဝင်ရောက်စီးနင်းပြီးနောက် ရုံးတွင်ရှိသည့် ကွန်ပျူတာ၊ ကင်မရာများနှင့် ဘဏ်စာအုပ်များကိုလည်း သိမ်းဆည်းသွားကာ ရုံးကိုလည်းချိတ်ပိတ်ထားခဲ့သည်။

 

ဖမ်းဆီးခံရသည့် DMG သတင်းထောက် ကိုထက်အောင်သည် ယမန်နေ့ အောက်တိုဘာ ၂၉ရက် (သီတင်းကျွတ်လပြည့်) နံနက်ပိုင်းတွင်  စစ်တွေမြို့၊ ဝင်္က္ကပါကွင်း၌ ကျင်းပနေသည့် ဆွမ်းတော်ကြီးလောင်း လှူပွဲအား ကင်မရာဖြင့် သတင်းဓာတ်ပုံများ သွားရောက်ရိုက်ကူးသည့်အချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မည်သည့်အကြောင်းရာကြောင့် ဖမ်းဆီးခဲ့ခြင်းကို မသိရှိရသေးကြောင်း DMG မှထုတ်ပြန်ထားသည်။

 

ထိုသို့ သတင်းသမားတစ်ဦး သတင်းယူနေသည့်အချိန်အတွင်းတွင် ဖမ်းဆီးခံရခြင်းသည် ရခိုင်ပြည်နယ်မှ သတင်းထောက်များအတွက် အလွန်အန္တရာယ်များသည့် အခြေအနေဟုဆိုနိုင်ကြောင်း ရခိုင်အခြေစိုက် အမျိုးသား သတင်းထောက်တစ်ဦးက ပြောသည်။

 

"သတင်းထောက်တွေအပေါ်မှာ စစ်ကောင်စီဘက်က ပစ်မှတ်ထား ဖမ်းလာတယ်လို့ ပြောလို့ရမယ်။ မနေ့ကဆိုရင် အခါကြီးနေ့ကြီးဖြစ်တယ်။ နိုင်ငံရေးဆန္ဒပြပွဲတစ်ခုကို သွားတာမဟုတ်ဘူး။ ကုသိုလ်ပြုနေတဲ့ပွဲတစ်ခုကို သတင်းသွားယူတဲ့အချိန်မှာ ဖမ်းဆီးတာကတော့ စစ်ကောင်စီဘက်က သတင်းထောက်တွေအပေါ် အများကြီးအငြိုးအတေးထားပြီး ပစ်မှတ်ထားနေတယ်လို့ သတိပြုလို့ရမယ်။ ဆိုတော့ ဒီလိုအခါကြီးနေ့ကြီးတွေမှာ သတင်းထောက်တွေကိုပစ်မှတ်ထားပြီး ဖမ်းဖို့ကြိုးစားနေတာက ရခိုင်မှာရှိတဲ့သတင်းထောက်တွေအနေနဲ့ အများကြီးအန္တရာယ်ရှိလာတဲ့အခြေအနေပါ" ဟု ပြောသည်။

 

ထို့အပြင် စစ်ကောင်စီအနေဖြင့် သတင်းထောက်များကို အချိန်မရွေး၊ နေရာမရွေးဖမ်းဆီးနိုင်ရန် ၎င်းတို့ဘက်မှအဆင်သင့် ပြင်ဆင်ထားသည်ကိုတွေ့မြင်ရပြီး ရခိုင်တွင် သတင်းထောက်လုပ်နေသည့် သတင်းသမားများအတွက် မြေပြင်ကွင်းဆင်းသတင်းယူရန် အန္တရာယ်အများဆုံးအခြေအနေဟုလည်း သူကသုံးသပ်သည်။

 

လက်ရှိအခြေအနေများအရ ရခိုင်အခြေစိုက် သတင်းထောက်တစ်ဦးအနေဖြင့် အပြင်ထွက်၍ သတင်းလုပ်ငန်းလုပ်ကိုင်ရန် စိုးရိမ်ရသည့်အခြေအနေဖြစ်နေပြီး မြေပြင်အားကွင်းဆင်း၍ သတင်းရယူနိုင်မှုမှာ ယခင်ကထက် ခက်ခဲလာနိုင်ကြောင်း ရခိုင်အခြေစိုက် သတင်းထောက် အမျိုးသမီးတစ်ဦးကပြောသည်။

 

"မြေပြင်ကိုကွင်းဆင်း သတင်းယူနေတာကနေ ဖမ်းသွားတာဆိုတော့ သတင်းထောက်တွေ အနေနဲ့လည်း  တစ်ခုခုဆို အပြင်သွားပြီး ချက်ချင်းသတင်းလိုက်တာတွေလုပ်ဖို့ စဉ်းစားချင့်ချိန်လာကြတော့မယ်။ ဆိုတော့ ကွင်းဆင်းတာက အရင်ကထက် နည်းလာမဲ့အခြေအနေမှာရှိတယ်။ တစ်နေရာမှာ တစ်ခုခုဖြစ်နေရင် ချက်ချင်းကြီးကောက်ကာငင်ကာ အရင်ကလိုသွားရမယ့် အနေအထားမှာ မရှိတော့ဘူး။ သူတို့(စကစ)ကလည်း အဲဒါကိုလိုလားတာ။ သတင်းထောက်တွေ အနေနဲ့ မြေပြင်ကို ကွင်းဆင်းပြီး ယူလိုက်တဲ့သတင်းက ပိုတိကျတယ်။ အခုကိုယ်တိုင် ကွင်းဆင်း သတင်းမယူနိုင်တော့တဲ့အခါ သတင်းမှန်ကန်မှုကလည်း လျော့နည်းသွားမယ်။ သူတို့(စကစ)ကလည်း သတင်းအမှန်တွေကို အမှောင်ချချင်တဲ့အခါ ဒီလိုမျိုးလုပ်လာတဲ့အခြေအနေပါ" ဟုပြောသည်။

 

ယမန်နေ့က စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းမှုကိုခံခဲ့ကြရပြီးနောက် လက်ရှိတွင် DMG သတင်းဌာနမှ သတင်းသမားများသာမက တခြားသတင်းဌာနများမှ သတင်းသမားများမှာလည်း တိမ်းရှောင်နေကြရသည်ဟု သိရဿည်။

 

DMG သတင်းဌာန တာဝန်ရှိသူတစ်ဦးက "ရခိုင်ပြည်မှာလည်း DMG ဆိုတာကလည်း သတင်းမှန်ကန်မှုအပေါ်မှာ အဓိကဘက်ပေါင်းစုံက အသံအစုံနဲ့ လုပ်နေတဲ့ သတင်းဌာနဖြစ်တယ်။ အစိုးရဘက်က အသံလည်းပါအောင်၊ ဒီဘက်က အသံလည်းပါအောင်လုပ်နေတာကို ဒီလိုလုပ်တယ်ဆိုတာက မကောင်းဘူးပေါ့။ သူတို့ဟာ ပြည်တွေရဲ့ မျက်စိနဲ့ နားကို အားလုံးပိတ်ပင်ရာ ရောက်တယ်။ ဆုံးရှုံးမှုတွေအများကြီးရှိတယ် DMG ဒီလိုဖြစ်သွားတယ်ဆိုတော့။ နောက်ပိုင်းလည်း လုပ်ဖို့ကိုင်ဖို့ အခက်အခဲတွေ အများကြီးဖြစ်သွားတယ်။ ဒီဟာဟာ သတင်းလုပ်နေတဲ့ သတင်းလောက တစ်ခုလုံးကိုလည်း ဂယက်ရိုက်စေတယ်” ဟု နိရဉ္စရာသို့ ပြောဆိုထားသည်။

 

အဆိုပါ Development Media Group(DMG) သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို မတရားအသင်း ဥပဒေပုဒ်မ ၁၇(၂) နှင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အတွင်းက ရခိုင်ပြည်နယ် စစ်ကောင်စီ၏ သတင်းရဲတပ်ဖွဲ့က အမှုဖွင့်ထားကြောင်းလည်းသိရသည်။

 

ယင်းအပြင် DMG သတင်းဌာနမှ တာဝန်ခံအယ်ဒီတာတစ်ဦးနှင့် သတင်းထောက်တစ်ဦးတို့လည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရကြောင်းသိရသည်။

 

ထို့အပြင် ရခိုင်သတင်းဌာနတစ်ခုဖြစ်သည့် နိရဉ္စရာသတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းရေးသားသူတစ်ဦးတို့ကိုလည်း ပြီးခဲ့သည့်နှစ် မေလနှင့် အောက်တိုဘာလအတွင်းက ပုဒ်မ ၅၀၅-က၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)တို့ဖြင့် စစ်ကောင်စီက ထပ်မံအမှုဖွင့်ထားကြောင်းလည်း သိရသည်။

 

အလားတူ နောက်ထပ် ရခိုင်သတင်းဌာနတစ်ခုဖြစ်သည့် Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးတို့ကိုလည်း ဗိုလ်မှူးဘုန်းမြင့်ကျော်က နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ၁၂၄-က ဖြင့် ပြီးခဲ့သည့်နှစ် ဇန်နဝါလ ၂၂ ရက်က စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားကြောင်းသိရသည်။

 

လက်ရှိတွင် ရခိုင်အခြေစိုက်သတင်းဌာနများသည် စစ်ကောင်စီ၏ မတရားသဖြင့် ပုဒ်မများကို တပ်ကာ တရားစွဲဆိုမှုများကြောင့် ရုံးအထိုင်အတည်တကျမရှိဘဲ တိမ်းရှောင်ကာ သတင်းလုပ်ငန်းများကို လုပ်ကိုင်နေကြရကြောင်းလည်း သတင်းသမားများကပြောဆိုကြသည်။

  

စစ်ကောင်စီမှ DMG သတင်းထောက်တစ်ဦး သတင်းယူနေစဥ် ဖမ်းဆီးကာ ရုံးကို တစ်ပါတည်း လမ်းညွှန်ခေါ်ဆောင်သွားပြီး ရုံးကို ဝင်စီးခြင်းကြောင့် ညစောင့်တစ်ဦးပါ ဖမ်းဆီးခံခဲ့ရသည့်အတွက်ကြောင့် ရခိုင်မှသတင်းသမားများ၏အခြေအနေမှာ ပို၍ စိုးရိမ်စရာဖြစ်လာနေသည်ဟု ရခိုင်အခြေစိုက်သတင်းထောက်များကဆိုကြသည်။ 

 

 

ဆက်စပ် သတင်းများ