တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကိုးကန့်ဒေသရှိ “ ပန်လုံ” ဗျူဟာကုန်းအပါအဝင် စစ်ကောင်စီတပ်စခန်း (၃) ခုကို ရက္ခိုင့်တပ်တော်ဦးဆောင်သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

၁၀၂၇ စစ်ဆင်ရေး စတင်သည့် (၁၁) ရက်မြောက်နေ့တွင် ကိုးကန့်ဒေသရှိ “ ပန်လုံ” ဗျူဟာကုန်း အပါအဝင် ပင်မ “ပန်လုံ” ဗျူဟာကုန်းကို ကာထားသည့် စခန်း ၂ ခုကို ရက္ခိုင့်တပ်တော် (AA) မှ ဦးဆောင်ပြီး ယမန်နေ့က ခက်ခက်ခဲခဲတိုက်ခိုက် သိမ်းယူခဲ့ကြောင်း သိရှိရသည်။

ပန်လုံ ဗျူဟာကုန်းကိုကာထားသည့် စစ်ကောင်စီတပ်စခန်း ၂ ခုကို နိုဝင်ဘာလ ၄ ရက်နေ့ကတည်းက ရက္ခိုင့်တပ်တော် (AA) မှ ဦးဆောင်တိုက်ခိုက်ပြီး နိုဝင်ဘာလ ၅ ရက်နေ့တွင် အပြီးသတ် ချေမှုန်းသိမ်းယူ ခဲ့ခြင်းဖြစ်ကြောင်း  ညီနောင် ၃ ဖွဲ့၏ နိုဝင်ဘာလ (၆) ရက်နေ့၊ ညနေ (၆:၃၅) အချိန်တွင် ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အလားတူ တပ်မ (၉၉) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် အဓိက (ပင်မ) ဗျူဟာကုန်း ဖြစ်သည့် “ ပန်လုံ” ဗျူဟာကုန်းကို နိုဝင်ဘာလ (၅) ရက်နေ့ နံနက် ၅ နာရီတွင် စတင်တိုက်ခဲ့ပြီး ညနေ ၅ နာရီမှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

အဆိုပါ စခန်း ၃ ခုလုံးကို ရက္ခိုင့်တပ်တော် (AA)မှ ဦးဆောင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်မှ ရဟတ်ယာဉ်အပါ၀င် ဂျက်တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် ခုခံခဲ့သည့်ကြားက ခက်ခက်ခဲခဲ သိမ်းယူခဲ့ရသည့် စခန်းသိမ်း တိုက်ပွဲဖြစ်သည်ဟု ဆိုသည်။


ဗျူဟာကုန်းတိုက်ပွဲအတွင်း အသက်ပေးစွန့်လွှတ်ခဲ့ကြသည့် ရဲဘော်ရဲဘက်များနှင့် ၁၀၂၇ စစ်ဆင်ရေး တ လျှောက် အသက်၊ခန္ဓာ ပေးဆပ်စွန့်လွှတ်ခဲ့ကြရသော အဖွဲ့အစည်း အသီးသီးမှ ရဲဘော် တစ်ယောက်ချင်းစီကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုသည်ဟု ဖော်ပြထားသည်။

အလားတူ တအာင်းတပ်မတော် (TNLA) မှလည်း နမ့်ခမ်းမြို့ရှိ နမ့်ခမ်းရဲစခန်းကို သိမ်းယူခဲ့ပြီး နောင်ချိုမြို့နယ် ဂုတ်ထိပ်တံတားအနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းနှင့် ရွှေညောင်ပင် ကျေးရွာအနီးရှိ စစ်ကောင်စီစခန်း ကို လည်း (TNLA) နှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) တို့ ယနေ့တွင် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့သည်။

ထို့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ကလည်း ကောလင်းမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများနှင့် မြို့တွင်းရှိ စစ်ကောင်စီ တပ် စခန်းများကို အောက်တိုဘာလ (၃) ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့တွင် ကောလင်းမြို့တစ်ခုလုံး အလုံး စုံ ထိန်းချုပ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာလ (၂၇) ရက်နေ့တွင် ညီနောင်မဟာမိတ် (၃)ဖွဲ့ကစတင်ခဲ့ပြီး ယခုအခါ တခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များပါ ပူးပေါင်းပါ၀င် တိုက်ခိုက်နေပြီး စစ်ဆင်ရေး (၁၁) ရက်မြောက်နေ့တွင် စစ်ကောင်စီတပ်စခန်းနှင့် စစ်ကောင်စီတပ် လက် အောက်ခံ ပြည်သူ့စစ်နှင့် ရဲစခန်းအပါအဝင် စခန်းပေါင်း (၁၂၀) ကျော်ကို တိုက်ခိုက် သိမ်းယူထားပြီ ဖြစ်​ကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့ထုတ်ပြန်သည့် ထုတ်ပြန်ချက်များအရ သိရှိရသည်။

 

(NN-14)

Photo-Operation 1027-3BHA

ဆက်စပ် သတင်းများ