ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ကောလင်းမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်၍ စစ်သား ၈၀ ခန့်သေဆုံးပြီး လက်နက် ၅၉ လက်သိမ်းဆည်းရမိကြောင်း NUG ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 759

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသည့် ရန်သူ့အင်အား (၂၀၀) ကျော်ပါ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့  နိုဝင်ဘာလ (၁၀) ရက်၊ နံနက် (၈:၄၀) နာရီတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈၀ ခန့် သေဆုံးပြီး ၂၀ ဝန်းကျင်ခန့် ဒဏ်ရာရရှိသွားကာ လက်နက်မျိုးစုံ ၅၉ လက်သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ ( NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်)မှ သတင်းထုတ်ပြန်သည်။

၎င်းစစ်ကောင်စီ စစ်ကြောင်းသည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကောလင်းမြို့ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာရာ ကန့်ဘလူ မြို့နယ်၊ အလယ်ခုံကျေးရွာ အနောက်မြောက်ဘက် အရောက်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် အမှတ် (၂) တပ်ရင်း၊ ခရိုင် ပကဖ လှုပ်ရှားရေးအဖွဲ့နှင့် မြို့နယ်/နယ်မြေခံ ပကဖအဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ချေမှုန်းခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

၎င်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား (၈၀) ဦးကျော်ခန့် သေဆုံးခဲ့ပြီး (၂၀) ဦး ဝန်းကျင် ထိခိုက် ဒဏ်ရာရရှိခဲ့ကာ လက်နက်မျိုးစုံ (၅၉) လက်နှင့် ခဲယမ်းမီးကျောက်အမြောက်အမြား သိမ်းဆည်းရရှိ ခဲ့ကြောင်း NUG က အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ